Wednesday, March 2, 2011

တိုက်လေယာဉ် ပထမအသုတ် မတ်လတွင် ရောက်မည်

မန်မာ့လေတပ်တွင် အသုံးပြုရန် ရုရှား နိုင်ငံမှ မှာယူထားသော MiG-29 အမျိုးအစား တိုက်လေယာဉ် အစီး ၂၀ အနက် ပထမ အသုတ် မတ်လအတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်သည်။
Mig-29_Myanmar400


မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်တွင် မြင်တွေ့ရသော MiG-29B တစင်း (ဓာတ်ပုံ - Airliners)

ရုရှားနိုင်ငံမှ မှာယူထားသော တိုက်လေယာဉ်များမှာ MiG-29B အမျိုးအစား ၁၀ စီး၊ MiG-29SE တယောက်စီး ၆ စီးနှင့် အမောင်းသင် ၂ ဦးစီး ၄ စီး ဖြစ်ကြောင်း၊ ၎င်းတို့အတွက် ကျသင့်သည့် တန်ဖိုးမှာ ယူရို သန်း ၄၀၀ (အမေရိကန် ဒေါ်လာ ၅၅၃ သန်း) ခန့် ရှိကြောင်း Flightglobal အွန်လိုင်းသတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

ယင်းသို့ ဝယ်ယူမှုများသည် မြန်မာ့လေတပ်တွင် MiG-29 လေယာဉ်များ အသုံးပြုမှုကို တိုးမြှင့်ရန် ဖြစ်သည်ဟုလည်း အဆိုပါ သတင်းတွင် ရေးသားထားသည်။

MiG တိုက်လေယာဉ်များကို ရုရှားကုမ္ပဏီတခုဖြစ်သည့် လူခိုဗစ်စီ ကုမ္ပဏီမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အဆိုပါလေယာဉ်များ အတွက် လေယာဉ်ကိုယ်ထည်များ၊ အပိုပစ္စည်းများကို ၁၉၈၀ နှစ်များ ကတည်းက ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

တိုက်လေယာဉ်များကို ဝယ်ယူခဲ့ရာတွင် နည်းပညာပိုင်းဆိုင်ရာ တပ်ဆင်မှုများ၊ အထောက်အပံ့များနှင့် Phazotron N-019 အမျိုးအစား ရေဒါများကိုပါ လေယာဉ်တွင် တပ်ဆင်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

ယခု ရောက်ရှိလာမည့် MiG-29 တိုက်လေယာဉ်များ ဝယ်ယူရန် ၂၀၀၉ ခုနှစ်ကုန်ပိုင်းတွင် သဘောတူခဲ့ခြင်း ဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင်လည်း ယင်းအမျိုးအစား တိုက်လေယာဉ် ၁၂ စင်းကို မြန်မာ့လေတပ်အတွက် ဝယ်ယူခဲ့သေးသည်။

၂၀၁၀ ပြည့်နှစ် ဇွန်လအတွင်းကလည်း တိုက်ချင်းပစ် ဒုံးကျည်အပြင် တခြားဒုံးကျည်များ တပ်ဆင်နိုင်သည့် တရုတ် နိုင်ငံထုတ် K-8 အမျိုးအစား လေ့ကျင့်ရေး ဂျက်လေယာဉ် အစီး ၅၀ ကို လေ့ကျင့်သင်တန်းပေးရန်နှင့် စစ်ဆင်ရေးများတွင် အသုံးပြုရန် ဝယ်ယူခဲ့သည်။

တိုက်လေယာဉ်များသာမကဘဲ Antonov-148 (An-148) အမျိုးအစား ခရီးသည်တင်လေယာဉ် ၂ စီးကို ရုရှားနိုင်ငံ United Aircraft Corporation မှ လည်းကောင်း၊ MA-60 အမျိုးအစား ကုန်တင်လေယာဉ် ၃ စီးကို China National Aero-Techonology Import and Export Coporation မှ လည်းကောင်း စစ်အစိုးရက ဝယ်ယူမည်ဟု သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

လာမည့် ဘတ်ဂျက်နှစ်တွင် စစ်အစိုးရက နိုင်ငံ့ဝင်ငွေ၏ လေးပုံ တပုံနီးပါးကို ကာကွယ်ရေးနှင့် စစ်ရေး အသုံးစရိတ်အတွက် အသုံးပြုမည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

post by စိုင်းဇွမ်ဆိုင်း/ www.irrawaddy.org Wednesday, 02 March 2011 19:14

No comments:

Post a Comment