Saturday, December 4, 2010

The Irrawaddy's Blog: မနေ့က NLD ပါတီရုံးချုပ်ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်မ...

The Irrawaddy's Blog: မနေ့က NLD ပါတီရုံးချုပ်ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်မ...: "မနေ့က NLD ပါတီရုံးချုပ်ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောခဲ့တဲ့ ဗီဒီယိုဖိုင်ပါ။ ဒီဗွီဘီ သတင်းဌာနက အင်္ဂလိပ်စာတန်းထိုးပေးထားပါတယ်။"

The Irrawaddy's Blog: ဒေါ်အောင်ဆန်းစုကြည်နဲ့ BBC အင်တာဗျူး

The Irrawaddy's Blog: ဒေါ်အောင်ဆန်းစုကြည်နဲ့ BBC အင်တာဗျူး: "BBC မှာ တင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျွန် ဆင်ပဆင်တို့ရဲ့ အင်တာဗျူးပါ။"

The Irrawaddy's Blog: စစ်အစိုးရကို သရော်ထားတဲ့ ထာဝရနှင်းဆီ အငြိမ့်

The Irrawaddy's Blog: စစ်အစိုးရကို သရော်ထားတဲ့ ထာဝရနှင်းဆီ အငြိမ့်: "စစ်အစိုးရကို သရော်ထားတဲ့ မောင်မျိုးမင်းရဲ့ ထာဝရနှင်းဆီ အငြိမ့်ခွင်ပါ။ သုဝဏ္ဏကွင်းမှာ တင်ဆက်သွားတာပါ။ အဲဒီအငြိမ့်အကြောင်း ပေးစာကို ဧရာဝတီဘလော့..."

Graphics Design

Graphics Design

Web Design

Web Design

Cloud-Client နည်းပညာပါဝင်တဲ့ Trend Micro ရဲ့ Titanium 2011

Cloud-Client နည်းပညာပါဝင်တဲ့ Trend Micro ရဲ့ Titanium 2011

Friday, December 3, 2010

Suu Kyi pledges to hold second panglong conference

ဒီဇာတ်လမ်းလေးကတော့ မယုံနိုင်စရာကောင်းလောက်အောင် ထူးခြားဆန်းကျယ်



ဒီဇာတ်လမ်းလေးကတော့ မယုံနိုင်စရာကောင်းလောက်အောင် ထူးခြားဆန်းကျယ်
ဆေးခန်းပိတ်ပြီး အိမ်ပြန်ဖို့ စီစဉ်နေတုန်း ည
၉နာရီလောက်မှာ ကျွန်တော့် ဆေးခန်းတံခါးကို ကသောကမြော ခေါက်သံ
ကြားလိုက်ရပါတယ်.. ဆေးခန်းတံခါး လာခေါက်သံတွေထဲမှာ အခုလောက် အရေးတကြီး
ကသုတ်ကရက် နိုင်တဲ့ တံခါးခေါက်သံမျိုး ကျွန်တော် တစ်ခါမှ
မကြားခဲ့ဖူးပါဘူး..

“ ၀င်ခဲ့ပါ.. ၀င်ခဲ့ပါ.. ” ကျွန်တော် စိတ်မရှည်စွာ တုံ့ပြန်လိုက်မိပါတယ်.. အခန်းတံခါး ဆွဲဖွင့်သံကြားလိုက်ပြီး တံခါးဝမှာ
ပေါ်လာတာက အသက် ၉နှစ်ထက် ဘယ်လိုမှ ကြီးမဲ့ပုံ မရတဲ့ ကောင်မလေး.. ကြည့်ရတာ
ထိတ်ထိတ်လန့်လန့် တုန်တုန်ရီရီနဲ့.. မျက်နှာတစ်ခုလုံး
ဖြူဖွေးဖျော့တော့လို့.. မျက်လုံးလေးတွေကလဲ ရီဝေညှိုးငယ်စွာနဲ့..

“ တောင်းပန်ပါတယ် ဆရာရယ်.. သမီး အမေ အသည်းအသန် ဖျားနေလို့ပါ.. သူဟာ သေလုမျောပါး ဖြစ်နေပါတယ်.. အမေ့ကို ကယ်ပါဦး ဆရာရယ်.. အိမ်ကို လိုက်ပြီး
အမေ့ကို ကုပေးပါနော်…”

“ ဆရာက ဘယ်အိမ်ကိုမှ လိုက်မကုပါဘူး.. သမီးအမေကိုသာ ဒီဆေးခန်းကို ခေါ်လာခဲ့ပါကွယ်.. ”

“ဆရာရယ် အမေက ဘယ်လိုမှ မထနိုင်လို့ပါ.. ဆရာသာ လိုက်မကြည့်ဘူးဆိုရင် သမီးအမေ သေရပါတော့မယ်.. သမီးကို သနားသဖြင့်လိုက်ကြည့်ပေးပါ ဆရာရယ်.. သမီး
တောင်းပန်ပါတယ်နော်.. ”

ကလေးမလေးရဲ့ မျက်ဝန်းထဲမှာ မျက်ရည်ဥလေးများ တစ်လိမ့်လိမ့် ကျဆင်းလာရင်း နှုတ်မှလည်း အဆက်မပြတ်
တိုးလျှိုးတောင်းပန်သံလေးက သနားစဖွယ်.. ကျွန်တော့် နှလုံးသားထဲက ကြင်နာ
သနားစိတ်တွေ ယိုဖိတ်လာတာနဲ့ ကလေးမလေးရဲ့ အိမ်ကို လိုက်သွားကြည့်ဖို့
ဆုံးဖြတ်လိုက်ပါတယ်..

ဆေးအိတ်ကို ကောက်ကိုင်လိုက်ရင်း ကလေးမလေးကို ရှေ့ကနေ လမ်းပြဖို့ပြောလိုက်တော့ ၀မ်းသာစိတ်နဲ့ လက်ခနဲဖြစ်သွားတဲ့ သူမရဲ့
မျက်လုံးလေးတွေက ချစ်စရာ… ကလေးမလေးက ဦးဆောင်ပြီး သူမအိမ်ရှိရာ လမ်းအတိုင်း
လျှောက်လာကြပါတယ်.. ၁၀ မိနစ်ခန့် လျှောက်လာပြီးနောက် အိမ်ကလေး တစ်လုံးရှေ့
အရောက်မှာ အိမ်တံခါးကို ဆွဲဖွင့်လိုက်ပြီး ကျွန်တော့ကို အရင်ဝင်စေပါတယ်..
ကျွန်တော် အိမ်ထဲကို ရောက်သွားချိန်မှာ အိပ်ရာ ခပ်နွမ်းနွမ်းလေးထက်မှာ
လှဲလျောင်းနေတဲ့ လူနာကို တွေ့လိုက် ရပါတယ်.. တော်တော်လေးကို နေမကောင်း
ဖြစ်နေပုံပါ.. တစ်ကိုယ်လုံးလဲ ခြစ်ခြစ်တောက် ပူကျစ်နေပါတယ်.. လူနာဟာ
သူ့လက်ကိုတောင် အပေါ်မြှောက်နိုင်တဲ့ အင်အားမရှိတော့ပါဘူး.. ဒါပေမဲ့ လူနာရဲ့
မျက်လုံးတွေက ဆရာဝန် ရဲ့ အကူအညီကို အသည်းအသန် လိုအပ်နေကြောင်းကို
ဖော်ပြနေတယ်.. သူမကို ကယ်တင်ဖို့ တောင်းပန်နေတဲ့ အရိပ်အယောင် တွေကိုလဲ
အတိုင်းသား မြင်နေရပါတယ်..

ကျွန်တော် လူနာအမျိုးသမီးကို လိုအပ်တဲ့ ဆေးကုသမှုကို ပေးဖို့ အမြန်ဆုံး ဆောင်ရွက် ပါတော့တယ်.. ထူးဆန်းတာက ခုနက ကျွန်တော့်ကို
တောင်းတောင်းပန်ပန်နဲ့ လာခေါ်တဲ့ ကလေးလေးကို လုံးဝ ထပ်မတွေ့ရတော့ပါဘူး…
တစ်အိမ်လုံးမှာလည်း အခြားအိမ်သား တစ်ယောက်တစ်လေကိုမှ ကျွန်တော်
မတွေ့မိပါဘူး.. တကယ်လို့ ဒီညသာ ကျွန်တော် ရောက်မလာဘူးဆိုရင်
လူနာအမျိုးသမီးဟာ အသက် ဆုံးရှုံးကောင်း ဆုံးရှုံးသွားနိုင်ပါတယ်.. သူ့အဖျားက
အတော်ကို စိုးရိမ်ရတဲ့ အခြေအနေမျိုးပါ.. အဖျားကျအောင် တစ်ညလုံးနီးပါး
ကျွန်တော် ကြိုးစားပမ်းစား ကုသလိုက်ရပါတယ်.. မနက်မိုးလင်းခါနီးမှ လူနာဟာ
စိတ်ချရတဲ့ အနေအထားကို ရောက်လာပါတယ်.. ကျွန်တော်က လူနာအမျိုးသမီးကို
အိမ်ပြန်တော့မဲ့အကြောင်းနဲ့ ညနေပိုင်းလောက်မှ တစ်ခေါက်
ပြန်လာကြည့်မဲ့အကြောင်း ပြောလိုက်ပါတယ်… ပြီးတော့ ဆေးအိတ်ကို ဆွဲပြီး
အိမ်ပြန်လာခဲ့ပါတယ်..

ညနေပိုင်း ဆေးခန်းမဖွင့်ခင် လူနာအိမ်ကို ကျွန်တော် ပြန်ရောက်သွားပြီး လူနာကို လိုအပ်တဲ့ စစ်ဆေးမှုများ ပြုလုပ်ပါတယ်.. တော်တော်လေး အခြေအနေ
ကောင်းသွားပါပြီ.. ခုတော့ လူနာဟာ စကားလဲ ကောင်းမွန်စွာ ပြောနိုင်တဲ့
အနေအထား ရောက်နေပါပြီ.. တစ်ညလုံး ကုသပေးခဲ့တဲ့ အတွက် လူနာက ကျွန်တော့်ကို
ကျေးဇူးစကား အထပ်ထပ်ဆိုပါတယ်.. ကျွန်တော်က ပြန်ပြောလိုက်ပါတယ်..

“ တကယ်လို့ ကလေးမလေးသာ လာမခေါ်ရင် အဒေါ်ဟာ သေတောင် သေသွားနိုင်ပါတယ်.. သူ့ရဲ့ သနားစရာ တောင်းပန်မှု ကြောင့်သာ မဟုတ်ရင် ကျွန်တော် ဒီကို ရောက်လာစရာ
အကြောင်းမရှိပါဘူး… သိပ်လိမ္မာ သိတတ်တဲ့ ကလေးလေးပါဘဲဗျာ.. မိဘအပေါ်
သိပ်သိတတ်တဲ့ ဒီလို ကလေးမျိုး မွေးထားရတာ အဒေါ်ဘယ်လောက်များ
ဂုဏ်ယူလိုက်မလဲနော် ”

ကျွန်တော့စကားကြားတဲ့ လူနာအမျိုးသမီးရဲ့ မျက်နှာပြင်မှာ အပြောင်းအလဲများစွာနဲ့ အံ့သြတဲ့ အရိပ်အယောင်များ ဖြတ်ပြေးသွားပါတယ်..
အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးတော့မှ စကားသံ ထွက်လာပါတယ်..

“ဆရာ.. ကျွန်မသမီးလေးက ဆုံးသွားတာ ၃နှစ်တောင် ရှိပါပြီ.. ဟိုနံရံမှာ ချိတ်ထားတဲ့
ပုံဟာ သမီးလေးပုံပါ… ဆရာ ကျွန်မသမီးလေးကို သိလို့လားဟင်.. ”

ကျွန်တော် ထိုင်ရာက ထပြီး နံရံမှာ ချိတ်ထားတဲ့ ဓာတ်ပုံအနီးကို တိုးကပ်ပြီး သေချာအောင် ကြည့်လိုက် မိပါတယ်.. သေချာပါတယ်.. ဒီကလေးမဟာ
မနေ့ညက ကျွန်တော့ဆေးခန်း တံခါးကို ခေါက်ပြီး ကျွန်တော့်ကို ဒီရောက်အောင်
ခေါ်လာတဲ့ကလေးမလေးပါဘဲ.. ဒီရုပ်လေးကို ကျွန်တော်မှားစရာ အကြောင်းမရှိပါ..
ထူးဆန်း အံ့သြစိတ်တွေနဲ့ လှုပ်ရှားမှုကင်းမဲ့စွာ ဓာတ်ပုံရှေ့မှာ အကြာကြီး
ရပ်နေမိပါတယ်.. ပြီးတော့ လေးလေး နက်နက် စဉ်းစားနေမိတယ်.. မနေ့ညက
တံခါးခေါက်သံဟာ ခုချိန်ထိ သူ့အာရုံမှာ ထင်ထင်ရှားရှား ရှိနေတုန်း ပါ..
သူ့ကို ကလေးမလေးဟာ ဒီနေရာထိအောင် ခေါ်လာတယ် ဆိုတာလဲ သူ့အနေနဲ့ မမှတ်မိစရာ
မရှိပါ..

အင်း… ဒါဟာ မေတ္တာတရားရဲ့ ထူးခြားဆန်းကျယ်မှုဘဲ ဖြစ်မှာပါ.. ခေါင်းကို တစ်ဆတ်ဆတ် ငြိမ့်မိရင်း ကျွန်တော် တစ်ချက် ပြုံးလိုက်မိပါတယ်..
အဒေါ်ကြီးကိုတော့ ကလေးမလေး အကြောင်း ဘာမှ ထပ်မပြောမိတော့ပါဘူး..
တစ်ခါတစ်လေမှာတော့ သိပ္ပံပညာက လိုက်မမီတဲ့ အရာတွေဟာ ဒီလောကကြီးထဲမှာ
ရှိနေတတ်တယ်ဆိုတာ သူလက်ခံလိုက်မိပါတယ်…

—————————————————————————————————————–

ဒီဇာတ်လမ်းလေးကတော့ မယုံနိုင်စရာကောင်းလောက်အောင် ထူးခြားဆန်းကျယ် လေးနက်တဲ့ မေတ္တာရဲ့ သဘောတရားကို ဖော်ပြနေပါတယ်.. မိဘက သားသမီးအပေါ် ထားတဲ့ မေတ္တာဟာ အတုမရှိ
လေးနက်သလို သားသမီးက မိဘအပေါ်ထားတဲ့ အချစ်ကလဲ နက်ရှိုင်းကျယ်ဝန်း လှပါတယ်..
ဒီဇာတ်လမ်းမှာ သေသွားပြီး တာတောင်မှ မိဘအပေါ် ကူညီစောင့်ရှောက်နေသေးတဲ့
သမီးလေးတစ်ယောက်ရဲ့ အံ့သြ ဆန်းကျယ်တဲ့ မေတ္တာစိတ်ကလေးကို စာဖတ်သူများ
သတိပြုမိနိုင်ရန်အတွက် ဖော်ပြပေး လိုက်ပါတယ်ဗျာ..



သူငယ်ချင်း ညီအကိုအမ များ
သူရှိပြီး အတုယူစေချင်သောကြောင့် တင်ပြလိုက်ရခြင်းဖြစ်ပါတယ်
သင်ကော ဘယ်လိုလူထဲမှာပါဝင် နိုင်မလည်းဆုံးဖြစ်ပါတော့ ခင်ဗျာ

ခင်မင်လေးစားမှုထက်.....
MC WAI YAN !

Thursday, December 2, 2010

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ဘာကြောင့်လိုအပ်သလဲ(အပိုင်းနှစ်)

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ဘာကြောင့်လိုအပ်သလဲ(အပိုင်းနှစ်)
၂။ ။သီးခြားစီရပ်တည်နေထိုင်နိုင်တဲ့အခြေအနေ
လူမျိုးစုကြီး(၈)မျိုးထဲမှာ ဗမာကလွဲရင် ကျန်တဲ့လူမျိုးတွေဟာ နိုင်ငံတော်ရဲ့နယ်စပ်မျဉ်းတစ်လျှောက်မှာ သူ့နေရာနဲ့သူ စီတန်းပြီးရှိနေကြတယ်။ သူတို့မှာသီးခြားဘာသာစကား၊ စာပေ၊ယဉ်ကျေးမှုတွေရှိနေကြတယ်။
လက်ရှိမိမိတို့ရဲ့ အခြေပြုတဲ့ဒေသတွေမှာ နှစ်ပေါင်းရာထောင်ချီပြီး အခြေချနေထိုင်လာခဲ့ကြတယ်။ ၄င်းတို့မှာ လူဦးရေအရလည်း တော်တော်များများနဲ့ စုစုစည်းစည်းရှိနေကြတယ်။ ဒေသတွင်းစီးပွားရေးအခြေခံနဲ့ ရပ်တည်နိုင် တဲ့အနေအထားရှိတယ်။ မိမိတို့အမျိုးသားကံကြမ္မာကိုဖန်တီးခွင့်ရဖို့ ပြင်းထန်တဲ့ဆန္ဒနဲ့ နှစ်ပေါင်းများစွာ ရုန်းကန် လှုပ်ရှားခဲ့ကြတယ်။ ဒါတွေဟာ အမျိုးသားအလိုက်သီးခြားရပ်တည်နေထိုင်နိုင်တဲ့ အခြေခံလက္ခဏာတွေဖြစ်တယ်။ ဒီလောက်ထင်ထင်ရှားရှားခိုင်ခိုင်မာမာရှိနေတာကို မျက်ကွယ်ပြုပြီး နည်းပေါင်းစုံနဲ့ဖိနှိပ်ကာ ဗမာဖြစ်သွားအောင် ဝါးမျိုဖျောက်ဖျက်တာကို လူမျိုးစုများလက်သင့်ခံကြမှာဟုတ်ဘူး။

၃။ ။တန်းတူညီမျှရေးမှစုစည်းညီညွတ်မှုရှိစေရန်
လူသားတွေဟာသဘာဝအရ စုစည်းညီညွတ်မှုကိုလိုလားကြတယ်။ စုစည်းညီညွတ်မှလည်း အင်အားရှိ မယ်။ အင်အားရှိမှလည်း သဘာဝအန္တရယ် ပြင်ပကရန်ပြုလာတဲ့အန္တရာယ်ကို ကာကွယ်ခုခံနိုင်မှာဖြစ်တယ်။ စုစည်း ညီညွတ်မှုရှိမှလည်း အေးချမ်းပြီးတိုးတက်တဲ့ဘဝကိုရရှိနိုင်မှာဖြစ်တယ်။ ဒါကြောင့် စုစည်းညီညွတ်မှုကို လူတိုင်း လိုလားတာဖြစ်တယ်။ ဒီစုစည်းညီညွတ်မှုကိုတည်ဆောက်နိုင်ဖို့အတွက် အခြေခံလိုအပ်ချက်ကတော့ တန်းတူညီ မျှမှုရှိရေးဖြစ်တယ်။ မရှိအတူ၊ရှိအတူ အေးအတူပူအမျှ အခွင့်အရေးနဲ့ အခွင့်အာဏာတွေညီမျှဖို့လိုတယ်။ လူတစ်ဦးချင်းအရရော လူတစ်စုချင်း၊ လူတစ်မျိုးချင်း၊ တစ်ဘာသာချင်းကအစ အခွင့်အရေးညီမျှဖို့လိုတယ်။ သမိုင်း မှာ လူမျိုး၊ ကိုကွယ်ရာဘာသာ၊ အသားရောင်ဇာတ်နိမ့်၊ ဇာတ်မြင့်အပေါ် အခြေခံပြီး အခွင့်အရေးနဲ့ အခွင့်အာဏာတွေ ခွဲခြားခဲ့ခြင်းရှိလို့ စစ်ပွဲတွေ၊ လူသတ်ပွဲတွေဖြစ်ခဲ့ကြတာများပြီး။ ဒါတွေကိုသင်ခန်းစာယူပြီး ငြိမ်းချမ်းတဲ့ကမ္ဘာကြီးဖြစ်အောင် တည်ဆောက်နေတဲ့ကာလမှာ မိမိလူမျိုးအတွက် အခွင့်အရေးအာဏာပိုယူ ထားတာဟာ မှားယွင်းတဲ့သဘောထား မှားယွင်းတဲ့လုပ်ရပ်ဖြစ်တယ်။ မိမိပုဂ္ဂိုလ်အကျိုး၊ အုပ်စုအကျိုး၊လူမျိုးအကျိုး၊ ဘာသာအကျိုးကိုသာ ဦးစားပေးတတ်တဲ့လူတွေဟာ လူအများကို စုစည်းလို့မရနိုင်ပါ။

၁၉၄၇ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းရင်းသားလူမျိုးစုအချို့ကို အခွင့်အရေးဘာမျှမပေး၊ လူမျိုးစု အချို့ကို ပြည်နယ်တွေပေးထားပေမယ့် ဗမာတွေလွှမ်းမိုးတဲ့ပြည်မအောက်မှာထားရှိခဲ့တာကြောင့် အာဏာနဲ့ အခွင့် အရေး တန်းတူညီမျှစေရေးအတွက် ဖက်ဒရယ်ပြည်ထောင်စုကို ဖွဲ့စည်းဖို့တောင်းဆိုလှုပ်ရှားခဲ့တာဖြစ်တယ်။ ဒီလိုတောင်းဆိုတာကို ခွဲထွက်ရေးလို့တံဆိပ်ကပ်ပြီး စစ်တပ်ကအာဏာသိမ်းခဲ့တယ်။ ပြီးတော့ တစ်ပါတီ အာဏာရှင်စနစ်နဲ့အုပ်ချုပ်ခဲ့တယ်။ စစ်တပ်ကိုပိုမိုတိုးချဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်။ တိုင်းရင်းသားပြည်နယ်တွေရဲ့အခွင့်အာဏာတွေကို ထပ်မံပြီးလျှော့ချကာ ကွပ်ကဲရေး အဖွဲ့မှာ စစ်ဗိုလ်တွေကိုထည့်သွင်းချုပ်ကိုင်စေခဲ့တယ်။ ဒီလိုလုပ်တော့ ပြည်တွင်းစစ်မီးဟာချုပ်ငြိမ်းမသွားဘဲ ပိုမိုကြီး ထွားကျယ်ပြန့်လာခဲ့တယ်။ တိုင်းရင်းသားလူမျိုးစုံတို့က လက်နက်ကိုင်တော်လှန်လာကြတယ်။ အာဏာသိမ်း စစ်အစိုးရကလည်း စစ်ဆင်ရေးမှာ ပိုမိုထိရောက်အောင်မြင်စေဖို့ သူပုန်တွေကို အထောက်အကူဖြစ်စေနိုင်တယ်လို့ ယူဆရတဲ့လူထုကို ဖမ်းဆီးသတ်ဖြတ်မောင်းထုတ် မုဒိမ်းကျင့်တာတွေများလာတယ်။ တစ်ဖက်မှာ စစ်ဆင်ရေးကို အထောက်အကူဖြစ်စေဖို့ လူထုကိုလိုက်လံဖမ်းဆီးပြီး အထမ်းသမားအဖြစ်၊ ဗုံးရှင်းကိရိယာအဖြစ် အသုံးပြုခဲ့ကြ တယ်။

အဲဒီအချိန်ကစပြီး လူ့အခွင့်အရေးချိုးဖောက် မှုတွေဟာ နေရာဒေသအနှံ့အပြားမှာဖြစ်ပေါ်လာတော့တယ်။ ပြည်သူတွေဟာစစ်အုပ်ချုပ်ရေးရဲ့ ခါးသီးတဲ့အရသာကိုစတင်ခံစားနားလည်လာကြတယ်။ စစ်တပ်ဟာလူထုပိုင် ပစ္စည်းတွေကို ပြည်သူပိုင်လို့ကြွေးကြော်ပြီးသိမ်းယူခဲ့တယ်။ နိုင်ငံတော်ရဲ့ဘဏ္ဍာငွေတွေကိုလည်း စစ်ရေးမှာပိုပြီး သုံးစွဲလာခဲ့တယ်။ ဒီလိုနဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကဏတွေဟာနိမ့်ကျလာပြီး နောက်ဆုံးတော့ လူစဉ်မမီတဲ့ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဆင့်ကိုရောက်ခဲ့ရတယ်။ ဒီအကျိုးဆက်တွေကြောင့် ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ သံဃာတော်တွေမခံမရပ်နိုင်ဖြစ်ကြပြီး အုံကြွပေါက်ကွဲမှုတွေ ဖြစ်လာခဲ့ရတယ်။ အခုတော့ ဗမာအမျိုသားပြည်သူတွေ လွတ်လပ်ရေးရခဲ့တယ်ဆိုပေမယ့် လွတ်လပ်ရေးရဲ့အရသာကိုမခံစားကြရဘူး။ တိုင်းရင်း သားလူမျိုးစုတွေလိုပဲ ကျေးကျွန်တွေဖြစ်နေရပြီး။ တကယ်တော့ ဗမာလူထုတွေရဲ့နစ်နာဆုံးရှုံးမှုတွေဟာ စစ်ဖြစ်နေ တဲ့နယ်စပ်နဲ့ တောနယ်ဒေသက တိုင်းရင်းသားပြည်သူတွေရဲ့ဘဝထက် အများကြီးသာပါသေးတယ်။ တိုင်းရင်းသား ဒေသကပြည်သူတွေဟာ သူများနိုင်ငံကိုမှီခိုနေရတဲ့ စစ်ပြေးဒုက္ခသည်ဘဝ၊ တောတောင်တွေကြားမှာ ပြေးလွှား ပုန်းအောင်းနေရတဲ့ (IDP) ဒုက္ခသည်ဘဝကို သိန်းပေါင်းများစွာ ရောက်ရှိနေကြရတယ်။

ဒီလိုဘဝဆိုးတွေက အမြန်လွှတ်မြောက်ပြီး အေးအေးချမ်းချမ်း စုစုစည်းစည်းနဲ့ ညီညီညွတ်ညွတ် နေထိုင်နိုင်ဖို့လိုပါလိမ့်မယ်။ ရှေ့ဆောင်သူတွေအနေနဲ့ တိုင်းရင်းသားတွေရဲ့မျိုးချစ်စိတ်ဓါတ်ကို သိသာဖို့လိုပါတယ်။
နိုင်ငံခြားကအထောက်အပံ့တွေမရပေမယ့်လည်း အနှစ်(၆ဝ)တိုင်တိုင်လက်နက်ကိုင်ပြီး တော်လှန် ရပ်တည်နေနိုင် တာဟာသက်သေပါပဲ။ ဗမာမျိုးချစ်တွေအနေနဲ့ အင်္ဂလိပ်၊ ဂျပန်တွေရဲ့ကျွန်ဘဝကိုရောက်ခဲ့ရစဉ်က ခံစားခဲ့ရ နာကျည်းခဲ့ရတာမျိုးလိုပဲ ဒီနေ့တိုင်းရင်းသားတွေဘက်ကနာကျည်းနေရပါတယ်။ အာဏာရယူသူတွေဟာ ဗမာ စကား၊ ဗမာစာပေ၊ ဗမာယဉ်ကျေးမှုတွေကိုချည်း အစွမ်းကုန်မြင့်တင်ပေးနေပြီး ကျန်တိုင်းရင်း သားတွေကိုတော့ အသိအမှတ်ပြုခြင်း၊ နေရာပေးခြင်း၊လွတ်လပ်ခွင့်ပေးခြင်းတွေမရှိခဲ့ဘူး။ ဒါတွေဟာ လူမျိုးရေးအရ ဝါးမျိုနေတာ ဖြစ်တယ်။ ပြည်တွင်းစစ်ရပ်စဲပြီး အမျိုးသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်ချင်ရင် ဒီလုပ်ရပ်တွေကိုပြုပြင် ပေးဖို့ ဗမာတွေရဲ့တာဝန်သာဖြစ်တယ်။ ပြုပြင်ပေးနိုင်မှလွတ်လပ်ရေးရဲ့အရသာကို ဗမာလူမျိုးပြည်သူအများစုက ခံစားခွင့်ရှိနိုင်ပါလိမ့်မယ်။

ဒီနေ့ဗမာလူမျိုးပြည်သူတွေ အခက်အခဲအကြပ်အတည်းပေါင်းစုံနဲ့ ရင်ဆိုင်နေရသလို တိုင်းရင်းသား လူမျိုးပေါင်းစုံတွေကလည်း အညီအမျှခံစားနေရတယ်။ ဒါတွေအပြင် တိုင်းရင်းသားတွေဟာ လူမျိုးရေးအရ ဝါးမျိုမြို အခြေပြုနယ်မြေထဲက နည်းပေါင်းစုံနဲ့မောင်းထုတ်ခံနေရမှုတွေရှိနေတယ်။ ဒီအခြေအနေဆိုးတွေကို ပြောင်းလဲ ပြုပြင်ဖို့ ဒီမိုကရေစီအခွင့်အရေးတစ်ခုတည်းနဲ့မလုံလောက်ဘူး။ တိုင်းရင်းသားတွေရဲ့လွတ်လပ်ခွင့်နဲ့ တန်းတူခွင့် တွေကို အသိအမှတ်ပြုဖို့လိုပါတယ်။ ဆွစ်ဇာလန်နိုင်ငံနဲ့ စင်္ကာပူနိုင်ငံတွေကိုလေ့လာကြည့်ပါ။ နိုင်ငံငယ်၊ လူဦးရေ နည်းနည်းလေးနဲ့ သူတို့နိုင်ငံထဲမှာစကား၊စာပေ(၄)မျိုးကို ရုံးသုံးဘာသာအဖြစ် အသိအမှတ်ပြုပြဌာန်းထားတယ်။ ဒါကြောင့်သူတို့မှာ လူမျိုးရေးအရပြသနာမရှိဘူး။ ညီညွတ်တယ်၊ အေးချမ်းတယ်၊ တိုးတက်တယ်။

ဒီနေ့ကျွန်တော်တို့နိုင်ငံမှာ ရင်ဆိုင်နေရတဲ့အခြေအနေဆိုးတွေက အမြန်လွတ်မြောက်ပြီးငြိမ်းချမ်း သာယာ တိုးတက်တဲ့ နိုင်ငံတော်သစ်ကိုတည်ဆောက်ဖို့ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားအင်အားစုတွေ ပူးတွဲ ပေါင်းစည်းကြဖို့လိုနေပါတယ်။ ဒီလိုပူးတွဲပေါင်းစည်းကြရာမှာ ခိုင်မြဲတဲ့စုစည်းညီညွတ်မှု တစ်ရပ်ဖြစ်လာ နိုင်ဖို့အတွက် တစ်ချိန်ကဗိုလ်ချုပ်အောင်ဆန်းလို ရိုးသားဖြောင့်မတ်ပြီးပွင့်လင်းတဲ့ ဒီမိုကရေစီ ခေါင်းဆောင်တွေ လိုအပ်နေပါတယ်။ တကယ်တော့ ဒီမိုကရေစီအခွင့်အရေးကို တိုင်းရင်းသားတွေဘက်က ဗမာတွေနဲ့ထပ်တူ လိုလားနေတာပါ။

ဒါပေမယ့်ဒီမိုကရေစီတစ်ခုတည်းနဲ့ပဲရပ်ပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ကျော ခိုင်းနေမယ်ဆိုရင် တိုင်းရင်းသားတွေအတွက် ကျွန်ဘဝမှာဆက်ပြီး နစ်မွန်းနေရမှာမို့ ဒီမိုကရေစီအင်အားစုတွေနဲ့ အပြည့်အဝလက်တွဲချင်မှာမဟုတ်ဘူး။ ဒီတော့ပူးတွဲပေါင်းစည်းရေးဟာ ခိုင်မာအားကောင်းနိုင်မှာမဟုတ်ဘူး။ ဒီလို သာဖြစ်နေရင် တိုင်းပြည်ကရင်ဆိုင်နေရတဲ့ ဆင်းရဲကြပ်တည်းမှုအနေအထားဟာ ဆက်ပြီးကြာရှည်နေပါလိမ့် မယ်။

ဒါကြောင့်ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့လိုပါတယ်။ ဒီလိုရယူနိုင်ဖို့ ဒီမိုကရေ စီအင်အားစုနဲ့ တိုင်းရင်းသားအင်အားစုတို့ပူးတွဲပေါင်းစည်းပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ရေး လမ်းစဉ်ကိုချမှတ်ဖို့ လိုအပ်နေပါကြောင်း စေတနာကောင်းနှင့် တင်ပြလိုက်ပါတယ်။

ရွှေဟင်္သာ

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ဘာကြောင့်လိုအပ်သလဲ (အပိုင်းတစ်)

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ဘာကြောင့်လိုအပ်သလဲ (အပိုင်းတစ်)

ကျွန်တော်တို့နိုင်ငံတော်ကို ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ လိုအပ်ကြောင်းကို ၁၉၄၈ခုနှစ် မတိုင်မီ ကနေ ဒီနေ့အထိ လူတော်တော်များများက ရေးခဲ့ကြပြောခဲ့ကြသည်။ ကျွန်တော်လည်းရေးခဲ့ဘူး ပြောဆိုဆွေးနွေးခဲ့ ဘူးတယ်။

ဒါပေမယ့် ဒီနေ့အထိဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ဆန့်ကျင်နေသူ၊ လက်မခံနိုင်သူတွေ တော်တော်များများ ရှိနေသေးတယ်။ ဒီလိုလူတွေအထဲမှာ အခြေအနေမှန်ကိုမသိတဲ့၊ ရိုးသားတဲ့မျိုးချစ်ပုဂ္ဂိုလ်တွေ လူငယ်တွေတော်တော်များများပါဝင်နေတယ်။ တိုင်းရင်းသားနိုင်ငံရေးပါတီ အဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ် မဆက်ဆံဘူးတဲ့ ဗမာလူငယ်တွေထဲမှာ ဒီလိုအမြင်သဘောထားတွေရှိနေကြတယ်။

ဒီနေ့လိုနိုင်ငံရေးအခြေအနေ ဆိုးတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကာလမှာတောင် ဒီလိုအမြင်မျိုးတွေရှိနေသေးတာဟာ အခြေအနေဆိုးကို သက်တမ်းရှည်အောင် အားပေးထောက်ကူနေသလိုဖြစ်နေလို့ ဒီအကြောင်းအရာကို ကျွန်တော်ထပ်ပြီးရေးရတာ ဖြစ်တယ်။ နားလည်ကျေညက်ပြီးသူအနေနဲ့ ခွင့်လွှတ်သီးခံ စေချင်တယ်။

ဖက်ဒရယ်ပြည်ထောင်စုဆိုတာ စစ်မှန်တဲ့ပြည်ထောင်စု (ဒါမှမဟုတ်) ပြည်နယ်ပေါင်းစုံ ပြည်ထောင်စုကို ခေါ်တာဖြစ်ပါတယ်။ ဖက်ဒရယ်(ဖက်ဒရေးရှင်း)ဆိုတာ ခွဲထွက်ရေး၊ ပြိုကွဲရေးမဟုတ်ဘူး။ ပူးပေါင်းခြင်း၊ စုပေါင်း ဖွဲ့စည်းခြင်းသာဖြစ်တယ်။ ဖက်ဒရယ်ကိုခွဲထွက်ရေး၊ ပြိုကွဲရေးလို့ လူတွေထင်မြင်သွားအောင်လုပ်ခဲ့တာက (၁၉၆၂)ခု မှာ အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်နေဝင်းနဲ့စစ်ခေါင်းဆောင်တွေဖြစ်တယ်။ ဗိုလ်ချုပ်နေဝင်းနဲ့ အာဏာသိမ်းစစ်ဗိုလ်ချုပ် တွေဟာ ၄င်းတို့အာဏာသိမ်းတာကို အပြစ်မမြင်အကောင်းထင်လာအောင်နဲ့ စစ်မှန်တဲ့ပြည်ထောင်စု တည်ဆောက် ရေးကို တောင်းဆိုခဲ့ကြတဲ့ တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်တွေအဖွဲ့ဝင်တွေအပေါ် အဆိုးမြင်အပြစ်တင်လာအောင် ထွင်လိုက်တဲ့သဘောတရားတစ်ခုပါ။ ဒါကိုနားလည် ကြဖို့လိုပါတယ်။

တိုင်းရင်းသားခေါင်းဆောင်တွေဘက်က ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ဘာကြောင့်တောင်းဆို ရတာလဲ။ ဒါကိုရိုးသားတဲ့မျိုးချစ်ဗမာလူငယ်တွေ သုံးသပ်နိုင်ဖို့ ကျွန်တော်အကျဉ်းချုပ်တင်ပြလိုပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ လူမျိုးပေါင်းစုံစုစည်းနေထိုင်တဲ့နိုင်ငံ၊ လူမျိုးပေါင်းစုံပိုင်ဆိုင်တဲ့နိုင်ငံဖြစ်တယ်။ လူမျိုး ပေါင်းစုံဆိုပေမယ့် စစ်ခေါင်းဆောင်တွေပြေကြသလို လူမျိုး(၁၃၅)မျိုးဆိုတာတော့မဟုတ်ဘူး။ ပြည်နယ် (၁ဝဝ)ကျော် တည်ဆောက်ဖို့ ဘယ်သူတွေ ဘယ်တုန်းက ပြောဆိုတာမရှိခဲ့ဘူး။ (၈)ပြည်နယ်ကိုတည် ဆောက်ဖို့တောင်းဆိုခဲ့တာ ရှိတယ်။ ဘာ့ကြောင့်ဒီလိုတောင်းဆိုကြရတာလဲ။ (၁၉၄၇ခု) နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပြည်နယ်(၃)ခု ၊ဝိဒေသတိုင်း(၁)ခုနဲ့ ပြည်မဆိုပြီးဖွဲ့စည်းခဲ့တယ်။ ဗမာတွေက ပြည်မကိုရယူထားပြီး ပြည်နယ်တွေ၊ ဝိဒေသတိုင်းတွေ ကိုပြည်မအာဏာနဲ့ လွှမ်းမိုးထားလိုက်တယ်။ ၁၉၇၄ခု ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ ပြည်နယ်(၇)ခု၊ တိုင်း(၇)ခုနဲ့ ခွဲခြားထားတယ်။ ဒါပေမယ့်ပြည်နယ်တွေ၊ တိုင်းတွေကို စီမံခန့်ခွဲ့ရေးအာဏာပေးထားခြင်းမရှိဘူး။ နာမည်ခံလောက်ပဲ ရှိပြီး အာဏာအားလုံးကို ဗဟိုအစိုးရကချုပ်ကိုင်ထားပြန်တယ်။ ဒီလိုအတုအယောင်ပြည်ထောင်စုတွေနဲ့ တွေ့ကြုံခဲ့ ရတာများလို့ ပြည်ထောင်စုအစစ်အမှန်ကို ဖော်ဆောင်ပေးလာအောင် ဖက်ဒရယ်ပြည်ထောင်စုကို တောင်းဆိုရတာ ဖြစ်တယ်။

(၈)ပြည်နယ်နဲ့ ဖွဲ့စည်းဖို့ဆိုတာက လူမျိုးကြီး(၈)မျိုးကို အခြေခံတာဖြစ်တယ်။ ကျန်တဲ့လူမျိုးစုတွေကို လျစ်လျူရှုထားတာမဟုတ်ဘူး။ သူတို့အတွက်သင့်တော်သလို အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ လူမျိုးစုဒေသ ဆိုပြီးသတ်မှတ်ကာ သင့်တော်တဲ့အာဏာတွေ အခွင့်အရေးတွေပေးထားရမှာဖြစ်ပါတယ်။ အထူးသဖြင့်လူမျိုးစု တစ်စုက ဝါးမျိုတာမျိုးမဖြစ်ရအောင် အာဏာတွေ အခွင့်အရေးတွေ ခွဲဝေပေးထားရမှာ ဖြစ်ပါတယ်။

ဒီလိုပုံစံမျိုးနဲ့ဖွဲ့စည်းဖို့ ဘာကြောင့်လိုအပ်သလဲဆိုရင်
၁။ မတူညီတဲ့ လက္ခဏာရပ်တွေနဲ့ သမိုင်းနောက်ခံ
၂။ သီးခြားစီရပ်တည်နေထိုင်နိုင်တဲ့အခြေအနေ
၃။ တန်းတူညီမျှရေးမှ စုပေါင်းညီညွတ်မှုရှိစေရန်
ဒီအခြေခံ(၃)ခုကြောင့် ဖက်ဒရယ်ပြည်ထောင်စုမျိုး ဖွဲ့စည်းဖို့လိုအပ်တာ ဖြစ်တယ်။ ဒီအခြေခံ(၃)ရပ်ကို ထပ်မံပြီး ရှင်းလင်းအောင်ပြောရမယ်ဆိုရင် ၊
၁။ မတူညီတဲ့လက္ခဏာရပ်များနှင့် သမိုင်းနောက်ခံ
လူမျိုးစုကြီး(၈)မျိုးဆိုတဲ့ကြချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ဗမာ၊ ရခိုင်၊ ရှမ်းလူမျိုးစုတွေဟာ တစ်မျိုးနဲ့ တစ်မျိုးမတူညီတဲ့ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုတွေနဲ့ သမိုင်းကြောင်းနောက်ခံတွေရှိနေကြတယ်။ ဘာသာ စကား၊ စာပေ၊ ယဉ်ကျေးမတြွေ မတူညီတာကိုရှင်းဖို့လိုမယ်မထင်လို့ မရှင်းတော့ပါဘူး။ ဒီလူမျိုးစုတွေဟာ ဒီနိုင်ငံရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ ဒီနေ့သူတို့အခြေပြုနေထိုင်နေကြတဲ့ နေရာဒေသတွေကို လွန်ခဲ့သော နှစ်ပေါင်း ထောင်ကျော်က ရောက်ရှိနေထိုင်ခဲ့ကြတာဖြစ်တယ်။ (၁၁)ရာစုမတိုင်မီ ကဆိုရင် အနောက်ဘက်မှာ ရခိုင်ပြည်၊ တောင်ဘက်မှာ မွန်ပြည်နယ်၊ အလယ်ပိုင်းအညာဒေသမှာ ဗမာပြည် ဆိုပြီးထင်ထင်ရှားရှားရှိနေခဲ့ကြတယ်။

အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား ဗမာဘုရင်တွေ စစ်အင်အားကောင်းချိန်မှာ အခြားလူမျိုးတွေရဲ့ နိုင်ငံတွေကို တိုက်ခိုက်သိမ်ပိုက်ခဲ့တယ်။ ဒါပေမယ့် အမြဲတမ်း သိမ်းပိုက်ထား နိုင်တာမဟုတ်ဘူး။ နှစ်ဆယ်ရာအချို့မှာ သူ့ပြည်သူ့နိုင်ငံနဲ့သူ ဖြစ်ခဲ့ကြတာ သမိုင်းကို လေ့လာသူတိုင်းသိကြပါတယ်။ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ရှမ်း တွေဟာ သီးခြားသူ့နိုင်ငံသူဘုရင်တွေနဲ့ မဟုတ်ပေမယ့်၊ ဒူးဝါး၊ စော်ကဲ၊ စောဖြာ၊ စော်ဘွား၊ တောင်ပိုင်၊ တောင်အုပ် တွေနဲ့ ၄င်းတို့လူမျိုးကို ၄င်းတို့ရဲ့အကြီးအကဲတွေက အုပ်ချုပ်ခဲ့ကြတယ်။ ပဒေသရာဇ်ဘုရင်ခေတ်တွေမှာ လက်အောက်ခံဘဝ ရောက်ခဲ့ရင်တောင် ဘဏ္ဍာဆက်နိုင်၊ လိုအပ်လာရင်စစ်သား ပို့ပေးနိုင်ရင်ပြီးတာပဲ၊ လက်တွေ့အရသူ့လူမျိုး နဲ့သူအုပ်ချုပ်ခဲ့ကြတာ ခေတ်အဆက်ဆက်ကပါ။

ရှမ်းတွေက တစ်ခါတစ်ရံမှာ ဘုရင်တွေနဲ့သီးခြားနိုင်ငံဖြစ်ခဲ့ဘူတယ်။ ကရင်နီတွေ ကတော့ (၁၈၇၅)ခုနှစ်မှာ မင်းတုန်းမင်းရဲ့ကိုယ်စားလှယ် ကင်းဝန်မင်းကြီးနဲ့ အင်္ဂလိပ်အ စိုးရရဲ့ကိုယ်စားလှယ် ဆာဒေါက်ကလပ်ဖေါဆစ်တို့ သဘောတူလက်မှတ်ရေးထိုးပြီး သီးခြားနိုင်ငံတစ်ခုအဖြစ်နဲ့ ရှိလာခဲ့တာ (၁၉၄၇)ခုနှစ်အထိဖြစ်တယ်။ ဒီလိုသမိုင်း နောက်ခံ အခိုင်အမာရှိလာခဲ့တာကို ပစ်ပယ်မေ့ပျောက်ထားလို့မရပါဘူး။ အင်္ဂလိပ်တွေအုပ်စိုးခဲ့တဲ့ကာလမှာ တောင်တန်းဒေသနဲ့မြန်မာပြည်မဆိုပြီး သီးခြားစီဖြစ်နေကြတယ်။

ဒီလိုတစ်သီးတစ်ခြားစီ နှစ်ပေါင်းကြာရှည်စွာရှိခဲ့တာကို ပေါင်းစပ်စုစည်းဖို့ ရှေးလူကြီးတွေရဲ့ သဘောထား တွေနဲ့ ကတိစကားတွေကိုလည်း ပြန်လည်လေ့လာဖို့လိုပါတယ်။ ၁၉၄၆ခု၊ဇန်နဝါရီလ ရွှေတိဂုံစေတီတော် အလယ်ပစ္စယံမှာကျင်းပတဲ့ (ဖဆပလ)ရဲ့ ပထမအကြိမ်ပြည်လုံးကျွတ်ညီလာခံမှာ “လွတ်လပ်တဲ့ ဗမာပြည်သစ်ကို တည်ထောင်ရာမှာ မည်သည့်တိုင်းရင်းသားလူမျိုးစုကိုမဆို ကိုယ့်ကံကြမ္မာကိုယ်ဖန်တီး ခွင့်ပေးမယ်၊ ခွဲထွက်လိုတဲ့ အခါခွဲထွက်ခွင့်ပေးမယ်”လို့ချမှတ်ထားတာရှိပါတယ်။ ၁၉၄၆ခု မတ်လပထမ ပင်လုံအစည်းအဝေးမှာ (ဖဆပလ)ကိုယ်စားလှယ်အနေနဲ့ တက်ရောက်ခဲ့တဲ့ ဦးနုနဲ့ဦးဘဂျမ်းတို့က ဒီစကားကို ထပ်မံထုတ်ဖေါ်ပြောဆိုပြီး တိုင်းရင်းသားအားလုံးညီညွတ်ရေးကို တည်ဆောက်ခဲ့ကြတယ်။ ၁၉၄၇ခု၊ ဖေဖေါ်ဝါရီလ(၁ဝ)ရက်နေ့ ပင်လုံညီလာခံ မှာ ဗိုလ်ချုပ်အောင်ဆန်းက “ဗမာတွေဗြိတိသျှကျွန်မဖြစ်ချင်သလို တောင်တန်းသားတွေကိုလည်း ဗြိတိသျှကျွန်မဖြစ် စေလိုကြောင်း၊ ထို့အတူတောင်တန်းသားတွေကို ဗမာကျွန်မဖြစ်စေရဘူး၊”ဆိုပြီးပဋိညာဉ်အဖြစ်နဲ့ ကတိ ကဝတ်ပြုပြောဆိုခဲ့တာရှိပါတယ်။ ဒီလိုကတိကဝတ်တွေ နားလည် မှုတွေနဲ့ ပင်လုံစာချုပ်ဆိုတဲ့ သဘောတူ ညီမှုရှိခဲ့တာကို ဒီနေ့ဗမာတွေ မေ့ပျောက်မထားကြဖို့လိုပါတယ်။

ပင်လုံစာချုပ်အခြေခံသဘောထားကတော့၊
၁။ ပြည်ထောင်စုအရပူးပေါင်းခြင်း။
၂။ အခွင့်အရေးနဲ့အဆင့်အတန်းတူညီရေး။
၃။ ပြည်နယ်တွေမှာကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေး။
၎။ ခွဲထွက်လိုပါကခွဲထွက်ခွင့်ရှိရေးဆိုတဲ့ အခြေခံသဘောထား(၄)ရပ်ရှိပါတယ်။ ဒီအခြေခံမူတွေနဲ့စုစည်းပြီး လွတ်လပ်ရေးကိုအတူတကွရယူဖို့ တောင်းဆိုခဲ့ကြတာဖြစ်တယ်။ ဟိုတုန်းကဒီလိုသာသဘောထားမရှိခဲ့ရင် မြန်မာပြည်လို့ခေါ်တဲ့ ကျွန်တော်တို့ပြည်ထောင်စုရဲ့နယ်နိမိတ်ဟာ ဒီနေ့လိုအနေအထားမျိုး ဖြစ်လာလိမ့်မှာ မဟုတ်ဘူး။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံရပြီးတဲ့နောက်မှာ လက်တွေ့ အကောင်အထည်ဖော်တဲ့ (၁၉၄၇)ခု နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အထက်ပါသဘောထားတွေ ပျောက်ကွယ်နေတာတွေ့ရတယ်။

ပုံသဏ္ဍာန်အရ ပြည်ထောင်စုအသွင်ပေါက်ပေမယ့် ပြည်မဖြစ်တဲ့ဗမာတွေက ပြည်နယ်တွေဖြစ်တဲ့ တိုင်းရင်းသား လူမျိုးတွေအပေါ်မှာ လွမ်းမိုးချုပ်ကိုင်ထားလို့ အနှစ်သာရအရ တပြည်ထောင် စနစ်ဖြစ်နေတယ်။ ဒီဖွဲ့စည်းပုံကို ဒိုင်ခံရေးသားခဲ့သူ ဦးချန်ထွန်းကိုယ်တိုင် ဝန်ခံခဲ့ပြီးဖြစ်သည်။ ဒီဖွဲ့စည်းပုံကို အခြေခံဥပဒေမှာ အားနည်းချက်တွေ ရှိခဲ့ပေမယ့် ပြည်ထောင်စုက နေခွဲထွက်ဖို့ ဘယ်ပြည်နယ်ကမျ တောင်းဆိုခဲ့ခြင်းမရှိပါဘူး။ ဘာကြောင့်လည်းဆိုတော့ နိုင်ငံငယ်လေးနဲ့ရပ်တည်ဖို့ဆိုတာ အန္တရယ်ကြီးမား ကြောင်း အားလုံးကနားလည်ကြ ပါတယ်။

(၁၉၄၇)ခုဖွဲ့စည်းပုံအခြေခံဥပဒေအရ ကရင်၊ မွန်နှင့်ရခိုင်တွေ ဘာအခွင့်အရေးမှ မရခဲ့ကြပါဘူး။ ဒါကို မကျေနပ်ပြီးတောင်းဆိုကြရာက အကြမ်းနည်းနဲ့ဖြေရှင်းလို့ တိုင်းရင်းသားတွေရဲ့ တော်လှန်ပုန်ကန်မှု စတင်ဖြစ် လာခဲ့ရတယ်။ ဒီလိုပွဲကြမ်းပြီးမှ (၁၉၅၁)ခုနှစ်မှာ ကရင်ပြည်နယ်ကိုဖော်ထုတ်ပေးခဲ့တယ်။ ဒါပေမယ့်မြေပြန့်နဲ့ ကမ်းရိုးတန်းမှာရှိတဲ့ မွန်နဲ့ရခိုင်တွေကိုတော့ အခွင့်အရေးမပေးပဲ ဗမာစာရင်းသွပ်သွင်းပြီး ဖုံးကွယ်ဝါးမျိုခဲ့ကြတယ်။

ရွှေဟင်္သာ

မွန်သူဌေးကြီးဦးနိုင်အောက်(နဲာအံက်)



မွန်သူဌေးကြီးဦးနိုင်အောက်(နဲာအံက်)

မွန်သူဌေးကြီးနိုင်အောက်သည် သာမန်လူများစိတ်ကူးတောင်မယဉ်ရဲသော အင်္ဂလိပ်ကုမ္ပဏီနှင့်စီးပွါးရေး အရ ယှဉ်ပြိုင်ရဲသောသူတစ်ဦးအဖြစ် အမည်ကျော်ကြားခဲ့သူတစ်ဦးဖြစ်သည်။ အောက်မြန်မာပြည်တွင်သာမက ကရင်နီပြည်နယ် ထိုင်းနိုင်ငံ ဇင်းမယ်နယ်အထိ သစ်ကုန်သည်သူဌေးကြီးအဖြစ် နာမည်ကြီးခဲ့သူတစ်ဦးဖြစ်သည်။ သို့ရာတွင်သူဌေးကြီးတစ်ဦးအဖြစ်ဖြတ်သန်းခဲ့သောသူ၏သမိုင်းကြောင်းမှာလည်းစိတ်ဝင်စားစရာအလွန်ကောင်းလှပေသည်။ အလွန်ဆင်းရဲသောကျွဲနွားကျောင်းသားဘ၀မှ ကြိုးစားရုန်းကန်ခဲ့ပြီးမှ ပစ္စည်းဥစ္စာကြွယ်ဝလာသူလည်းဖြစ် သည်။

ဦးနိုင်အောက်ကို ကရင်ပြည်နယ် ဖါးအံမြို့နယ် ကော့ဂွမ်ကျေးရွာအုပ်စု ရွာသိမ်ဇနပုဒ်ဖြစ်သည့် ခရဲရွာတွင် ဖွါးမြင်ခဲ့သည်။ မွေးချင်း(၅)ဦးအနက် တတိယမြောက်သားဖြစ်သည်။ မိဘများမှာ ဆင်းရဲလွန်း၍ငယ်စဉ်ကကျောင်း မနေရပေ။ ခရဲရွာနှင့်မနီးမဝေး မဲခရက်မွန်ဘုန်းကြီးကျောင်းတွင် မွန်စာပေနှင့်ဂဏန်းသင်္ချာကို သင်ယူခဲ့သည်။ မဲခရက်ကျောင်းရှိ ကုန်းတွင်ကျွဲနွားအငှါးကျောင်းခဲ့ရသည်။ ယခုအခါမဲခရက်ကုန်းတွင် လူအိမ်ခြေမရှိသော်လည်း ဦးနိုင်အောက်ဆောက်လုပ်လှူဒါန်းထားသော ကျောင်းဆောင်ဟောင်းနှင့်စေတီတစ်ဆူရှိနေဆဲဖြစ်သည်။ ပါးစပ် ရာဇ၀င်အရ ဤကုန်းမြေတွင်ဦးနိုင်အောက် အိမ်မက်အရရွှေအိုးတစ်လုံးတူးဖေါ်ရသည်ဟု ခရဲကျေးရွာ သက်ကြီး ရွယ်အိုများမှ ပြောဆိုနေသော်လည်း အတည်ပြု၍မရသေးပေ။ (ဤကား စကားချပ်)

အရွယ်ရောက်သောအခါ သံလွင်မြစ်ကမ်းနဘေး ကဒိုးကော့နှပ်ကျေးရွာအုပ်စု သံခပိုင်(သြင်ခပိုင်)ရွာသူ မိရွှေမှုတ်နှင့် အကြောင်းပါခဲ့သည်။ လယ်သူရင်းငှါးအဖြစ်အသက်မွေးဝမ်းကြောင်းပြုခဲ့သည်။ မိရွှေမှုတ်ကွယ်လွန် သောအခါ အလုပ်ကိုကြိုးစားလုပ်ကိုင်သူဖြစ်သည့်အားလျော်စွာ ယောက္ခမမှ ခယ်မဖြစ်သူမိရွှေရုပ်နှင့် အိမ်ထောင် ထပ်မံချပေးခဲ့သည်။ အသက်(၃၅)နှစ်အရွယ်တွင် ကဒိုးကော့နှပ်ကျေးရွာသစ်ကုန်သည်ကြီးနိုင်ထောထံတွင် အလုပ် သမား(ယခင်အခေါ်ကူလီ) အဖြစ်အလုပ်ပြောင်းလဲလုပ်ကိုင်ခဲ့သည်။ အလုပ်ကိုအပတ်တကုပ်ကြိုးစား လုပ်ကိုင်သူဖြစ်သည့်အားလျော်စွာ မကြာမီအလုပ်သမားခေါင်းဆောင်အဖြစ် သစ်ကုန်သည်ကြီးနိုင်ထောမှ ယုံကြည်စွာခန့်အပ်ခဲ့သည်။ လုံးလ၀ိရိယအားစိုက်လုပ်ကိုင်ရင်း ငွေကြေးတစစစုဆောင်းခဲ့သည်။ ထိုအချိန်တွင် ဒုတိယဇနီးထပ်မံကွယ်လွန်ပြန်သဖြင့် ကဒိုးကော့နှပ်ရွာသူ မိဇာအုပ်နှင့်ထပ်မံအိမ်ထောင်ပြုခဲ့ပြန်သည်။

အသက်(၅၀)အရွယ်တွင် သစ်ကုန်သည်ကြီးနိုင်ထောထံ ခေါင်းခွဲခေါ် သစ်ခေါင်းအလုပ်ကိုခွဲပေးရန်တောင်းခံ ခဲ့ပြီး ကိုယ်ပိုင်အလုပ်ကိုခွဲ၍လုပ်ကိုင်ခဲ့သည်။ ဦးထော်မှလည်း ရိုးသား၍ကြိုးစားသော ဦးနိုင်အောက်ကို တူသားသဖွယ်ချစ်ခင်ပြီး ၄င်းပိုင်ဆိုင်သောသစ်လုပ်အကွက်များကိုခွဲပေးခဲ့သည်။ ဦးနိုင်အောက်သည် ကရင်နီနယ် သစ်တောများတွင်သစ်လုပ်ပိုင်ခွင့်ရရှိခဲ့ပြီးကြိုးစား၍လုပ်ကိုင်ခဲ့ပြီး စီးပွါးရေးမှာလည်းဒီရေအလားတိုးတက်ခဲ့သည်။
ထိုစဉ်က ကရင်နီပြည်နယ်အစိုးရနှင့် အင်္ဂလိပ်အစိုးရတို့အကြား သစ်တောပိုင်ဆိုင်မှုအတွက် အငြင်းပွါးနေချိန် ဖြစ်သောကြောင့် အခက်ခဲဖြစ်နေသေးသော်လည်း နောက်ပိုင်းဦးနိုင်အောက်၏ ရိုးသားကြိုးစားမှုကို အသိ မှတ်ပြုလာပြီး အခက်ခဲများကိုကျော်ဖြတ်လာနိုင်ခဲ့သည်။ သစ်လုပ်ငန်းများသာမက အင်္ဂလိပ်တပ်မှ အ၀တ် အထည်နှင့် အခြားအသုံးအဆောင်ပစ္စည်းများကိုလည်းဝယ်ယူပြီး ကယားပြည်နယ် ကန္တရ၀တီ လွိုင်ကော် ဘော်လခဲ ကြယ်ကြီးဖိုး နောင်ပုလဲ ငွေတောင်သို့ ကူးသန်းရောင်းဝယ်ဖေါက်ကားခဲ့သည်။ ထို့အပြင် ထိုင်းနိုင်ငံ ဇင်းမယ်ဒေသရှိ သစ်တောကြိုးဝိုင်းများကိုအခွန်ဆောင်ပြီး ဆင်ကောင်ရေ(၄၀)ကျော်ဖြင့်လုပ်ဆောင်ခဲ့ရာ လုပ်ငန်းအောင်မြင်မှု များစွာရှိလာခဲ့သည်။ တတိယမြောက်ဇနီးကွယ်လွန်သောအခါ ဘုရား၊စေတီ၊ တန်ဆောင်း၊ သိမ်၊ကျောင်း ဇရပ်များ ကိုဆောက်လုပ်လှူဒါန်းကာကုသိုလ်ကောင်းမှုပြုလုပ်ခဲ့သည်။ (၁၈၇၈)ခုနှစ်တွင် မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံကျောင်း တိုက်တွင်သီတင်းသုံးနေသော မွန်ဆရာတော်ဦးပညာဓမ္မကို ပင့်ဆောင်တော်မူပြီး ပရိယတ္တိသာသနာ ပြန့်ပွါးစေရန်အတွက် ကျောင်းတိုက်၊စာသင်တိုက်များကိုဆောက်လုပ်လှူဒါန်းခဲ့သည်။ ထိုအချိန်တွင် တတိယဇနီး ကွယ်လွန်ပြီး စတုတ္ထဇနီးဖြစ်သူ ကဒိုးကော့နှပ်ရွာသူမိဗျုနှင့်ထပ်မံအိမ်ထောင်ပြုခဲ့သည်။

ဦးနိုင်အောက်သည် မျိုးချစ်စိတ်ပြင်းထန်သူဖြစ်သလို မဟုတ်မခံတတ်သောစိတ်ရှိသူတစ်ဦးလည်းဖြစ်သည်။ ထိုကာလတွင် ချစ်တီးကုလားများ ဘာဘူကုလားများမှ ငွေချေးလုပ်ငန်းများ ဆန်စပါးအရောင်ဝယ်လုပ်ငန်းများကို လုပ်ကိုင်ပြီး တိုင်းရင်းသားများအပေါ် ခေါင်းပုံဖြတ်အမြတ်ကြီးစားနေသည်ကိုမရှုဆိတ်နိုင်ပေ။ လယ်သမားများ သက်သာစေရန်ရန် ငွေချေးငှားလုပ်ငန်းနှင့်စပါးရောင်းဝယ်ရေးလုပ်ငန်းကိုလုပ်ကိုင်ခဲ့သည်။ အစပထမတွင်အရှုံးပေါ် ခဲ့သော်လည်း နောက်ပိုင်းတွင် အောင်မြင်မှုရရှိလာခဲ့သည်။ ဦးနိုင်အောက်သည်ခေတ်ပညာမတတ်သော်လည်း ကြိုးစားမှု ၀ိရိယကြီးမှု စည်းကမ်းရှိမှု အမျှော်အမြင်ကောင်းမှုတို့ကြောင့် လုပ်ငန်းအောင်မြင်ခဲ့သည်။ မည်သို့ချမ်းသာပါစေ ပလွှားမှုမရှိ။ ရိုးရိုးကုတ်ကုတ်နှင့် သာမန်လူလိုသာနေထိုင်ခဲ့သည်။ ရှေးလူကြီးများ၏ အဆိုအရ အမြဲတမ်းမော်လမြိုင်ခါးတိုအက်ျီနှင့် ပုဆိုးဖြူကိုသာဝတ်ဆင်လေ့ရှိသည်ဟုဆိုသည်။

ထိုခေတ်ကာလတွင် သံလွင်မြစ်တစ်ကြော၌ ဧရာဝတီဖလိုတီ အင်္ဂလိပ်ကုမ္ပဏီကသာ ရေကြောင်းခရီးကို လွှမ်းမိုးကြီးစိုးနေသည်။ အဆိုပါရေကြောင်းခရီးသွား မီးသင်္ဘောများကိုဝယ်ယူပြီး စီးပွါးရေးအရယှဉ်ပြိုင်ရန်စိတ်ကူး ပေါက်ခဲ့ပြီး (၁၉၀၀)ခုနှစ်တွင် သွေးသားရင်းဖြစ်သူ သူဌေးကြီးနိုင်ရွှေလှေးအကူအညီဖြင့် စကော့တလန်နိုင်ငံ မက်ကီးအင်ဘက်စတား သင်္ဘောကုမဏြီမှ နှစ်ထပ်သင်္ဘော(၇)စီးနှင့် တစ်ထပ်သင်္ဘော(၂)စီးကို ကျပ်ငွေ (၄၉၀၀၀၀)အကုန်ကျခံ၍ ၀ယ်ယူခဲ့သည်။ မုတ္တမသင်္ဘောကျင်းတစ်ခုကို ကျပ်တစ်သိန်းအကုန်ကျခံ၍ တည် ဆောက်ခဲ့သည်။ ထို့နောက် ဧရာဝတီဖလိုတီ အင်္ဂလိပ်ကုမ္ပဏီနှင့် ယှဉ်ပြိုင်ကာ သံလွင်မြစ်တကြောရှိရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို လုပ်ဆောင်ခဲ့သည်။ ဦးနိုင်အောက်ပိုင်သင်္ဘောအမည်များမှာ(၁) အောင်သီတာ (၂)အောင်မင်္ဂလာ(၃)အောင်မာလာ(၄) အောင်ဒီပါ(၅) အောင်စင်္ကြာ(၆) အောင်သိန်း(၇) အောင်တင် (၈)အောင်ဇေယျနှင့် အောင်နိဗ္ပာန်တို့ဖြစ်သည်။ ဧရာဝတီဖလိုတီသင်္ဘောကုမ္ပဏီနှင့် အပြိုင်အဆိုင်သင်္ဘောခလျော့ ယူပြေးဆွဲခဲ့သည်။ နောက်ဆုံးသင်္ဘောခမယူဘဲ ပုဝါတစ်ပိုင်လက်ဆောင်ပေးခဲ့သည်အထိဖြစ်သွားခဲ့သည်။ နောက်ဆုံးအရင်းအနှီးများပြားသော အင်္ဂလိပ်ကုမ္ပဏီကိုမယှဉ်နိုင်တော့ဘဲ သင်္ဘောပြေးဆွဲခြင်းကိုရပ်နားခဲ့ရသည်။ သင်္ဘောကိုလည်း ဧရာဝတီဖလိုတီကုမ္ပဏီကို ကျပ်ငွေ(၆)သိန်းဖြင့်အပြီးအပိုင်ရောင်းချခဲ့သည်။ ထိုအခါသံလွင်မြစ် တစ်ကြောဝယ် ဧရာဝတီအင်္ဂလိပ်ကုမ္ပဏီကသာပြိုင်ဘက်မရှိ မင်းမူသွားခဲ့သည်။ ထိုခေတ်ထိုအခါက အင်္ဂလိပ် ကုမ္ပဏီကို ပြိုင်ဝံ့သူမှာအလွန်ရှားပါးလှကား ဦးနိုင်အောက်၏ယှဉ်ပြိုင်ရဲသောသတ္တိကိုချီးကျူးကြသည်။ ရင်းနှီး မြုပ်နှံမှုများပြားပြီးအစိုးရမှနောက်ခံပေးထားသော အင်္ဂလိပ်ကုမ္ပဏီကိုယှဉ်ပြိုင်ရာတွင်ရှုံးနိမ့်ခဲ့သော်လည်း နယ်ချဲ့ အရင်းရှင်စံနစ်စီးပွါးရေးလုပ်ငန်းကို တုပပြိုင်ရဲသောသတ္တိမှာ နည်းနည်းနောနောမဟုတ်ချေ။

ဦးနိုင်အောက်၏နောက်ဆုံးဇနီးမှာမိငြိမ်းမေဖြစ်ပြီး သားသမီးတစ်ဦးမှမထွန်းကားခဲ့ချေ။ ၄င်း၏အမွေကို သွေးသားရင်းဖြစ်သူကိုစံနစ်တကျလွှဲပြောင်းအပ်နှံခဲ့သည်။ ဦးနိုင်အောက်သည်အသက်(၈၁)နှစ်အရွယ်(၁၉၁၃) ခုနှစ် ဇွန်လ(၃၀)ရက်တနင်္လာနေ့နေ့လည်(၁၂)နာရီခွဲကျော်ကျော်တွင်ကွယ်လွန်သွားခဲ့သည်။ သူ၏ဂုဏ်သတင်းကို နောင်လာနောက်သားများအမှတ်ရစေရန် ပုံတူကျောက်ရုပ်တစ်ခုကို ကဒိုးကော့နှပ်ဘုန်းကြီးကျောင်းဝင်းအတွင်း (၁၉၂၇)ခုနှစ်အောက်တိုဘာ(၁၅)ရက်တွင် ထုလုပ်စိုက်ထူခဲ့သည်။ ပုံတူရုပ်ထုအောက်တွင်
“ကော့နှပ်ရွာနေ ကောင်းမှုပုညရှင်ကြီးဖြစ်သော သစ်ကုန်သည်၊ဆန်စက်ပိုင်ရှင်၊မြန်မာပြည်မီးသင်္ဘော သူဌေးကြီးဦးနာအောက်သည် သက္ကရာဇ်(၁၂၇၅) နယုန်လဆုတ်(၁၂)ရက်နေ့(၁၂)နာရီ(၃၅)မိနစ်အချိန်တွင် ကွယ်လွန်လေသည်။”ဟူသောစာတမ်းရေးထိုးထားသည်။

ဦးနိုင်အောက်သည် ငယ်စဉ်ကဆင်းရဲသား ကျွဲကျောင်းသား လယ်သမား သစ်အလုပ်သမားဘ၀မှ ရုန်းကန်ကြိုးစားကာ သိန်းပေါင်းရာကျော်ချမ်းသာသောသူဌေးတစ်ဦးအဖြစ်ထင်ရှားယုံမက ဗြိတိသျှပိုင်ဧရာဝတီ သင်္ဘောကုမ္ပဏီနှင့် စီးပွါးပြိုင်ရဲသော မွန်အမျိုးသားလုပ်ငန်းရှင်တစ်ဦးအဖြစ် သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့သည်။
မိစန္ဒာဦး
ကိုးကားချက်
-မောင်ဇေယျာရေး မြန်မာလူကျော်(၁၀၀) ပထမအုပ်။
-ကျောင်းသုံးမြန်မာဖတ်စာအုပ်။
-နိုင်အောက်အထုပ္ပထ္တိ၊ မွန်ဘာသာ။
-မွန်မဂ္ဂဇင်းများ။

ပတိုက်ျမှာ ပြသမဲ့ ဒေါ်အောင်ဆန်းစုကြည် ဖယောင်းရုပ်ထု



ပတိုက်မှာ ပြသမဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ဖယောင်းရုပ်တု

ထိုင်းနိုင်ငံ ပထူဝမ် ဒိစတြိတ်ရှိ လာမည့် စနေနေ့တွင် စတင်ဖွင့်လှစ်ရန်စီစဉ်နေသော မဒမ်တူးဆော့ ဖယောင်းရုပ်တု ပြတိုက်တွင် ထားရှိမည့် ဒေါ်အောင်ဆန်းစုကြည်၏
ဖယောင်းရုပ်တုကို အချောသတ်နေစဉ် မြင်တွေ့ရပုံဖြစ်သည်။ အာရှတွင်
ရှန်ဟိုင်းနှင့် ဟောင်ကောင်ပြီးလျှင် ယခု မဒမ်တူးဆော့ပြတိုက်သည် တတိယမြောက်
ပြတိုက် ဖြစ်လာပေမည်။ (ဓာတ်ပုံ - ဘန်ကောက်ပို့စ်)

မျိုးးသာကီ...........မှ ..ဖတိစေချင်၊သိစေချင်သော စေတနာဖြင့် ..(စိုင်းမြင့်ထွန်း)
December 2, 2010 ရက် ၊ 11:30am တွင် saimyinttun ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။
saimyinttun's ရေးသားသောဘလော့အားလုံးကြည့်ရန်

မန်မာလူမျိုးပထမဦးဆုံးဆရာဝန် (မွန်အမျိုးသားဒေါက်တာရှောလူး)



မန်မာလူမျိုးပထမဦးဆုံးဆရာဝန် (မွန်အမျိုးသားဒေါက်တာရှောလူး)
ဒုတိယ-ဝါဆို လဆန်း ၉၊ ၁၃၇၂။ ဇူလိုင် ၂၀၊၂၀၁၀။
မြန်မာနိုင်ငံသားများထဲတွင် ပထမဆုံး အနောက်တိုင်းဆေးပညာရှင်ဆရာဝန်ဖြစ်သူမှာ မွန်အမျိုးသား ဒေါက်တာရှောလူးဖြစ်ပါသည်။ ဒေါက်တာရှောလူးကို(၁၈၃၉)ခုနှစ် နိုင်ရွှေသက်၊ မိဖွားလှတို့က မော်လမြိုင်မြို့ တွင်ဖွားမြင်ခဲ့သည်။ မိခင်မှာမွန်ဘုရင်ဗညားဒလ၏ ညီတော်မြဝတီမြို့စား(ဗရဲ့ပတိုင်း)၏ မြစ်တော်စပ်သူ ဖြစ်ပါသည်။ မိဘများမှာ နှစ်ခြင်းခရစ်ယာန် ဘာသာဝင်များဖြစ်ပြီး မင်းရှောလူးကိုလည်း ဆရာယုဒသန်က ၁၈၅ဝ ပြည့်နှစ်တွင် နှစ်ခြင်းခံပေးခဲ့သည်။ မင်းရှောလူးသည် ငယ်စဉ်ကပင် ပညာဗဟုသုတ လိုလားသူဖြစ်သဖြင့် ၁၇နှစ်အရွယ်တွင် ကာလကတ္တားသို့ စွန့်စားသွားရောက်ခဲ့သည်။ ထိုစဉ်ကမော်လမြိုင်မြို့မှာ ဗြိတိသျှ လက်အောက်သို့ ကျရောက်နေပြီဖြစ်သဖြင့် မော်လမြိုင်မြို့မှ အိန္ဒိယနိုင်ငံဆိပ်ကမ်းများသို့ သင်္ဘောဖြင့် တိုက်ရိုက်သွားလာနိုင်ကြသည်။

မင်းရှောလူးကာလကတ္တား၌ ပညာဆည်းပူးနေစဉ်အတွင်း ၁၈၅၇ခုနှစ်တွင် အိန္ဒိယစစ်ဗာရီများ၏ တော်လှန်မှုဖြစ်ပွားလာရာ ပညာတစ်ပိုင်းတစ်စ ဖြစ်ခဲ့ရသည်။ သင်္ဘောဆိပ်တွင်ယောင်လည်လည် ဖြစ်နေစဉ် အမေရိကန်သို့ သွားမည့်သင်္ဘောတစ်စင်း ဆိပ်ကမ်းသို့ဆိုက်ရောက်လာသည်။ မင်းရှောလူးက သင်္ဘောထက် တက်ရောက်လေ့လာသည်။ ထိုအချိန်၌ မြန်မာနိုင်ငံ သုံးဆယ်မြို့တွင်သာသနာပြုလုပ်ငန်း ဆောင်ရွက်နေသူ ဆရာမကြီးမစ္စမာရီယာအင်ဂေါကိုတွေ့ခဲ့ရသည်။ ဆရာမကြီးမှာအားလပ်ရက်တွင်အမေရိကန်သို့ ခေတ္တပြန်ခြင်း ဖြစ်ရာ မင်းရှောလူးကတွေ့ဆုံပြီး အကျိုးအကြောင်းပြောပြခဲ့သည်။ ပညာလိုလားသူ မင်းရှောလူးအကြောင်းကို ဆရာမကြီးက သင်္ဘောကပ္ပတိန်အားတစ်ဆင့်ပြောပြပေးသည်။ လမ်းစရိတ်မရှိသူ မင်းရှောလူးမှာ သင်္ဘောပေါ်ရှိ စားသောက်ခန်းတွင် စားပွဲထိုးလုပ်ကိုင်ရင်း လိုက်ပါခွင့် ရရှိခဲ့သည်။

အမေရိကန်နိုင်ငံသို့အရောက်တွင် ဆရာမကြီးကနယူးယောက်မြို့မှ ကုန်သည်တစ်ဦးနှင့် လူဝီစဘတ် တက္ကသိုလ်မှပါမောက္ခတစ်ဦးအားဆက်သွယ်ပေးသည်။ ၁၈၅၉ခုနှစ်တွင် မင်းရှောလူး လူဝီစဘတ်တက္ကသိုလ်သို့ ဝင်ခွင့်ရသွားသည်။ ထိုသို့ဖြင့် ပါမောက္ခတစ်ဦး၏အိမ်တွင် တစ်နာရီဆယ်ဆင့်ဖြင့် အလုပ်လုပ်ကိုင်ရင်း ကျောင်း တက်သည်။ ကျောင်းပိတ်ရက်များတွင် အခြားမြို့ကြီးများသို့သွားရောက်ကာ မြန်မာ့ဓလေ့နှင့် မြန်မာလူမျိုး များအကြောင်း ဟောပြောခြင်းဖြင့် ဝင်ငွေရှာသည်။

မောင်ရှောလူးကတက္ကသိုလ်မှဘွဲ့ရသော်လည်း ပညာကိုဆက်လက်ဆည်းပူးလိုသေးသည်။ ထို့ကြောင့် အိုဟိုင်းယိုးပြည်နယ်ဆေးကောလိပ်တွင် ဆေးပညာကိုဆက်လက်ဆည်းပူးပြန်သည်။ သုံးနှစ်အကြာ (၁၈၆၇) ခုနှစ်တွင် ဆေးပညာ MA ဘွဲ့ကိုရရှိခဲ့သည်။

မောင်ရှောလူးမှာ ငယ်စဉ်ကပင်ဆေးပညာရှင်ဖြစ်ချင်စိတ်ပြင်းပြခဲ့သည်။ သူတို့၏မိသားစုမှာ ဆရာယုဒသန်နှင့် မော်လမြိုင်မြို့တွင်တစ်ရပ်ထဲအတူနေခဲ့ဖူး၏။ ဆရာယုဒသန်မော်လမြိုင်မြို့တွင် နာမကျန်း ဖြစ်သောအခါ ကုသပေးမည့်ဆေးပညာရှင် တစ်ဦးတစ်ယောက်မျှမရှိသောကြောင့် နိုင်ငံရပ်ခြားတွင် ကုသရန် သင်္ဘောဖြင့်တင်ဆောင်ပေးကြရာ လမ်းခရီးတွင်ကွယ်လွန်သွားခဲ့သည်။ မိမိအားနှစ်ခြင်းခံပေးခဲ့သော ဆရာယုဒသန်၏ အဖြစ်ကြောင့်ပင် မောင်ရှောလူးမှာ ဆေးပညာရှင်တစ်ဦးဖြစ်ရန် ဆန္ဒရှိခဲ့သည်။

ဒေါက်တာရှောလူးဆေးပညာဘွဲ့ရပြီးနောက်သတင်းကြားသိရသူအမေရိကန်သမ္မတကြီးအင်ဒရူးဂျွန်ဆင်ကသူ့အားခေါ်ယူတွေ့ဆုံခဲ့သည်။ အမေရိကန်သို့ လာရောက်သည့် ပထမဆုံးမြန်မာပညာတော်သင် ကျောင်းသားကို ဝမ်းမြောက်ဝမ်းသာတွေ့ဆုံခဲ့သည်။ ဒေါက်တာရှောလူးက မြန်မာနိုင်ငံသို့ ပြန်တော့မည့် အကြောင်းပြောပြရာ သမ္မတကြီးက မြန်မာဘုရင် မင်းတုန်းမင်းထံ ထောက်ခံစာတစ်စောင် ရေးပေးလိုက်သည်။ ယင်းစာတွင် ဘုရင်မင်းမြတ်အနေဖြင့် ဒေါက်တာရှောလူးအားထိုက်သင့်သလောက် ချီးမြှင့်စောင့်ရှောက် လိမ့်မည်ဟု မျှော်လင့်ကြောင်းပါရှိသည်။ မင်းတုန်းမင်းသည် ဒေါက်တာရှောလူးအားကောင်းစွာ လက်ခံတွေ့ဆုံခဲ့ပြီး မြောက်ဥယျာဉ်တော်အတွင်းရှိ အဆောင်တော်တွင် နေထိုင်စေပြီး ပွဲတော်အုပ်နေ့စဉ် ပို့ပေးခဲ့သည်ဆို၏။

ဒေါက်တာရှောလူးသည် ရတနာပုံနေပြည်တော်တွင် ရက်သတ္တပတ် သုံးပတ်ကြာနေထိုင်ခဲ့ပြီးနောက် ရန်ကုန်သို့ပြန်ဆင်းလာခဲ့သည်။ ထို့နောက်မော်လမြိုင်သို့ပြန်ကာ ကိုယ်ပိုင်ကျောင်းဆောက်ကာ ကျောင်းသား (၃ဝ)ခန့်ကိုစာသင်ပေးသည်။ ခြောက်လအကြာတွင် မော်လမြိုင်မြို့အေဘီအမ်ကျောင်း၌ ကျောင်းဆရာ လုပ်ပြန်သည်။ ကျောင်းဆရာဘဝဖြင့်ဆယ်နှစ်ခန့်ကြာခဲ့သည်။ ယင်းနောက် ကျေးဇူးရှင်ဖြစ်သော သုံးဆယ်မြို့မှ ဆရာမကြီး၏ကျောင်းတွင် သုံးနှစ်မျှ ကျောင်းဆရာလုပ်ပြီး ကျေးဇူးဆပ်သည်။

ဒေါက်တာရှောလူးသည် ကျောင်းဆရာလုပ်နေရသော်လည်း ဆေးကုသရေး၌သာ ဝါသနာထုံသည်။ သို့သော်ဗြိတိသျှအစိုးရက ဆေးကုသရေးတွင်သူ့အားနေရာမပေးလိုကြပေ။ မြန်မာလူမျိုးဆရာဝန်ဟူ၍ အသိအမှတ်ပြုလိုဟန်မရှိသဖြင့် ဆေးဘက်တွင်အကြိမ်ကြိမ် လျှောက်ထားသော်လည်း မရရှိခဲ့ပေ။ ပညာရေးဘက်တွင်သာ အမှုထမ်းရန်ရာထူးကြီးများပေးသည်။ ရန်ကုန်၌ကျောင်းဆရာလုပ်နေစဉ် ဗြိတိသျှ စစ်ဗိုလ်တစ်ဦး၏သမီး မစ္စလူရီပရဲရားနှင့် အိမ်ထောင်ကျကာ သားငါးဦး၊ သမီးနှစ်ဦးထွန်းကားခဲ့သည်။

ဒေါက်တာရှောလူးသည် ကျောင်းဆရာအဖြင့် ဆက်လက်လုပ်ကိုင်လိုစိတ် မရှိတော့သောကြောင့် မော်လမြိုင်သို့ပြန်ကာ အမေရိကန်သာသနာပြု ဆရာဝန်မကြီး ဒေါက်တာအယ်လင်းမစ်ချယ်ထံတွင် အကူ ဆရာဝန်ဝင်လုပ်၏။ ၁ဝနှစ်ခန့် အကူဆရာဝန်လုပ်ခဲ့ပြီးနောက် ဒေါက်တာရှောလူး ကိုယ်ပိုင်ဆေးခန်း ဖွင့်သည်။ တစ်ဖက်မှလည်း မော်လမြိုင်အစိုးရကျောင်းနှင့် နော်မန်အုပ်ချုပ်ရေးအဖွဲ့များတွင်ပါဝင်ကူညီ ဆောင်ရွက် ပေးသည်။ ထိုစဉ်အတွင်းဇနီးသည် မစ္စပရဲရား ကွယ်လွန်၍ ဒေါ်ရွှေနှင့် ဒုတိယအိမ်ထောင်ပြုခဲ့သည်။

ဒေါက်တာရှောလူးသည် အသက်၇၄နှစ် အရွယ်အထိလျင်မြန် ဖြတ်လတ်စွာ ဆေးဝါးကုသ ပေးနေဆဲဖြစ်သည်။ ညအချိန်မတော် ဆရာဝန်ပင့်လျှင်လည်း မဆိုင်းမတွလိုက်လံကုသပေးတတ်သည်။ သူကပညာကို ကြိုးစားသင်ယူခဲ့သည့်နည်းတူ အလုပ်ကိုလည်းကြိုးစားလုပ်ကိုင်တတ်၏။ နေ့စဉ် နံနက်လေးနာရီ အိပ်ယာမှထကာ ရေမိုးချိုး၊အဝတ်အစားလဲကာ လမ်းလျှောက်ထွက်လေ့ရှိသည်။ မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ သူ၏နေအိမ်အောက်ထပ်တွင် ကွပ်ပျစ်လေးခင်းကာ တစ်ဦးထဲအိပ်စက်လေ့ ရှိသည်။

တစ်နေ့နံနက်တွင် ဇနီး၊သားသမီးများအားလိုက်လံနှိုးကာ အောက်ထပ်သို့ဆင်းလာကြရန် မှာကြား သည်။ ထို့နောက်သူကဦးစွာဆင်းသွားပြီး ကွပ်ပျစ်ထက်၌လဲလျောင်းနေလိုက်သည်။ မိသားစုက ဒေါက်တာရှောလူး၏ ထူးခြားသောအပြုအမူကြောင့် အောက်ထပ်သို့ဆင်းလာကြရာ ကွပ်ပျစ်ထက်၌ ကွယ်လွန်သွားပြီဖြစ်သော ဒေါက်တာရှောလူးကို တွေ့ကြရသည်ဟူ၏။ ဒေါက်တာရှောလူးမှာ သူလက်ထပ်စဉ်က ဝတ်ဆင်ခဲ့သော အနောက်တိုင်းဝတ်စုံကို ဆင်မြန်းထားကြောင်း ထူးခြားစွာတွေ့ကြရသည်။

(၁၉၂၉)ခုနှစ် အောက်တိုဘာ(၁ဝ)တွင် ကွယ်လွန်ခဲ့သောဒေါက်တာရှောလူး၏ ဈာပနမှာ စည်ကားလှသည်။ ခရစ်ယာန်ဘုန်းကြီးများသာမက မြန်မာဘုန်းတော်ကြီးများပါ တက်ရောက်ခဲ့ကြကြောင်း မှတ်တမ်းများကဆိုသည်။ ဒေါက်တာရှောလူးကို ဂူသွင်းသဂြိုလ်ခဲ့ကြပြီး အုတ်ဂူထက်တွင် In Sacred Memory of Dr.Shaw Loo Die 10-10-1929˜ Age 91 years "All the way Saviour Leads me" ဟုရေးထိုးထားပေးကြပါသည်။

ဒေါက်တာရှောလူး၏ ပထမအိမ်ထောင်မှသမီးများမှာ ဥရောပတိုက်သားများနှင့်သာ အိမ်ထောင်ကျခဲ့ ကြပြီး ရန်ကုန်မြို့၌ကွယ်လွန်ခဲ့ကြသည်။ ဒုတိယဇနီး ဒေါ်ရွှေမှာ ထားဝယ်သူဖြစ်ပြီး သမီးကြီးဒေါ်တင်တင် (အင်မလီးရှောလူး- မော်တလိန်းကျောင်း ဆရာမ)၊ သား သောမတ်ရှော (မီးရထားဆရာဝန်)နှင့် သမီးငယ် အဲလစ်ဇဘတ်ရှောလူး (စိန့်မတ်သရူးကျောင်းဆရာမကြီး)တို့ကိုဖွားမြင်ခဲ့ပါသည်။ ဒေါက်တာရှောလူး၏သမီးကြီး ဒေါ်တင်တင်မှ မွေးဖွားသူ ဒေါ်မေစီမှာ အဖိုးဖြစ်သူ ဒေါက်တာရှောလူးအကြောင်းကို ကောင်းစွာပြောပြနိုင်ပြီး အသက်၈၂နှစ်အရွယ်အထိ ကျန်းမာရေးကောင်းမွန်နေပါသည်။

မှတ်ချက်။ ။၂ဝဝ၈ခုနှစ်ဒီဇင်ဘာ(၂၄)ရက်ထုတ်Weekly Elevenဂျာနယ်မှ ဆရာတင်နိုင်တိုး၏ ဆောင်းပါးမှ ထပ်ဆင့်ဖေါ်ပြပါသည်။
ဒုတိယ-ဝါဆို လဆန်း ၉၊ ၁၃၇၂။ ဇူလိုင် ၂၀၊၂၀၁၀။

ဘီလ် ကိတ် (bill gate)



ဘီလ် ကိတ် (bill gate)
ကျွန်တော်တို့ အသက်ရှင်နေထိုင်ရာ ဤကမ္ဘာကြီးပေါ်၌ ဥစ္စာဓနကြွယ်ဝဆုံး၊ အချမ်းသာဆုံး ပုဂ္ဂုလ် အဖြစ် ၁၁ နှစ်တိုင်တိုင် နေရာယူခဲ့ဖူးပါသည်။ သူပိုင်ဆိုင်သည့် ဒေါ်လာငွေစက္ကူများကို
ဆက်ကြည့်လိုက်လျှင် လနှင့် ကမ္ဘာကြား ၆ ခေါက်လောက် ဆက်မှ ကုန်သွားမည်ဟု
ဆိုပါသည်။ သူလျှောက်လှမ်းသွားရာ တစ်နေရာ၌ တစ်ဒေါ်လာတန်
ငွေစက္ကုတစ်ရွတ်ကျနေမည် ဟုဆိုပါအံ့။ သူ့အနေနှင့် လှမ်းကောက်ယူရန် မသင့်ဟု
ဆိုကြပြန်ပါသည်။ သူတစ်ဒေါ်လာတန်ကိုကောက်ယူရမည့် အချိန်မှာ တစ်စက္ကန့်လောက်
ကြာညောင်းမည် ဖြစ်ရာ စက္ကန့်တိုင်း စက္ကန့်တိုင်း၌ ၄ ဒေါ်လာလောက် ၀င်ငွေ
ရှိနေတော့ တစ်မိနစ် ဒေါ်လာ ၁၄၀။ တစ်နာရီ ဒေါ်လာ ၁၄၄၀၀။ တစ်ရက်ဆိုတော့ ဒေါ်လာ
၃၄၅၆၀၀၊ ဒေါ်လာ သုံးသိန်းခွဲနီးပါး။ ဒါ့ကြောင့်လဲ ၅၈ ဘီလျှံ ပိုင်ဆိုင်သူ
အဖြစ် ကမ္ဘာ့ အချမ်းသာဆုံးနေရာမှာ သူဆယ်စုနှစ်စွန်းသည်အထိ
ရှိနေခဲ့ခြင်းဖြစ်ပါလိမ့်မည်။ ထိုသူကတော့ ဘီလ်ကိတ် ကွန်ပြူတာ
ဆော့ဝဲလ်သူဌေးကြီး Bill Gates ။
ဘီလ်ကိတ်ကို အမေရိကန်နိုင်ငံ စီတယ်မြို့လေးမှာ မွေးသည်။ မွေးသက္ကရာဇ်က ၁၉၅၅-အောက်တိုဘာလ ၂၈ ။ အဖေက
ရှေ့နေ။ အမေက ကျောင်းဆရာမ ။ သူ့အထက်မှာတော့ အစ်မ နှစ်ယောက်ရှိပါသတဲ့ ။ ၁၉၇၃
ခုနှစ်မှာ ဟားဗတ်(Harvard) တက္ကသိုလ်သို့ သူတက်ရောက်သည်၊ ၁၆၃၆ ခုနှစ်ထဲက
စတင်တည်ထောင်ခဲ့သော ဟားဗတ် တက္ကသိုလ်မှာ သူက သချာင်္ကျောင်းသား ၊ သို့သော်လည်း
သူဘွဲ့ရသည် အထိ မတက်ခဲ့၊ အချိန်ကုန်သည်ဟုဆိုကာ
တစ်နှစ်ကျော်နှစ်နှစ်နီးပါးမှာ ကျောင်းထွက်ခဲ့သည်။၁၉၇၅ နှစ်ကိုရောက်တော့
ကမ္ဘာကျော် မိုက်ခရိုဆော့ (Micro Soft) ကွန်ပြူတာကုမ္ပဏီကို
တည်ထောင်ခဲ့ပါသည်။ သို့နှင့် ၁၉၇၀ နှစ်လွန်များက ဗိုလ်ဆွဲထားသော IBM
ကွန်ပြူတာ ကုမ္ပဏီကို ၁၉၉၀ အလွန်နှစ်များမှာ Bill Gates ၏ မိုက်ခရိုဆော့ က
ဘေးဖယ်ထုတ်ပြစ်နိုင်ခဲ့ပါတယ်။ မိုက်ခရိုဆော့ ကုမ္ပဏီ၏ Executive Chairman
ဘီလ်ကိတ်။
ဘီလ်ကိတ် အမေ ကျောင်းဆရာမက သူ့သား ဘီလ်ကိတ်အား ငယ်ငယ်လေးထဲက ဘ၀လမ်းညွှန်အဖြစ် ဆုံးမစကားတစ်ခုဆိုလေ့ ရှိခဲ့သည်။ ပရဟိတ လုပ်ပါတဲ့ ………
အမေ့စကားကြောင့်လားတော့မသိ ဘီလ်ကိတ်တို့ ဇနီးမောင်နှံက ၂၀၀၀ ပြည့်နှစ်တွင်
ဖောင်ဒေးရှင်းတစ်ခု တည်ထောင်လိုက်သည်။ Bill and Me Linda Gates Foundation ။
မတည်ငွေ ဒေါ်လာ ၃၇.၃ ဘီလီယံ ဖြစ်သည်။ ၂၀၀၄ ကိုရောက်လာတော့ ပရဟိတ ကို
စိတ်နှစ်လုပ်ဖို့ သူစဉ်းစားသည်။ ၂၀၀၆ မှာ မိုက်ခရိုဆော့ ကုမ္ပဏီကနေ
အလုပ်ထွက်ဖို့ သူဆုံးဖြတ်သည်။ ၂၀၀၈ ၊ ဇွန်လ ၂၈ ရက်နေ့တွင်တော့ တကယ့်ကိုပဲ
မိုက်ခရိုဆော့ကနေ သူအလုပ်ထွက်လိုက်ပါတော့တယ်။ သို့သော် Non- Executive
Chairman အဖြစ် တစ်ပတ်ကိုတစ်ရက်လောက် ကုမ္ပဏီအလုပ် လာလုပ်ပေးဖို့
သူသဘောတူခဲ့သည်။ အဓိက ဘ၀ အစိတ်အပိုင်းကတော့ ပရဟိတ လုပ်ငန်းတွေထဲမှာ
နှစ်မြှုတ်ဖို့။
ဘီလ်ကိတ်က အားလပ်ချိန်တော့မှာ Online ကနေ ဘူမိဗေဒ။ ရူပဗေဒ နှင့် သမိုင်း တို့ကို သင်ယူမည်ဟု ဆိုသည်။ သူက ပိုင်ဆိုင်ထားသော
ဒေါ်လာ ၅၈ ဘီလီယံ ကို အကုန်လှူမည်ဟု ကြေငြာထားသည်။ သူ၏ သား နဲ့ သမီးကိုပင်
အမွေမပေး ။ ပညာသင်ပေးထားပြီးဖြစ်၍ လုံလောက်ပါပြီတဲ့။ဘီလ်ကိတ်က ဌက်ဖျား နဲ့
AIDS တိုက်ဖျက်ရေးတွင် သူ့ငွေတွေ သုံးဖို့ အဓိက ရည်မှန်းသည်။ နောက် AIDS
ကာကွယ်ဆေးထုတ်ဖို့ ၊ ဆင်းရဲမှုတိုက်ဖျက်ရေး၊ ရေရရှိရေး၊
ပညာရေး၊လယ်ယာမြေဖွံဖြိုးရေး စသည်..စသည်များ အတွက် ။
ဒါ့အပြင်လောလောဆယ် ၂၀၀၈ ခုနှစ် မေလ ၂ရက်နေ့နဲ့ ၃ ရက်နေ့များက တိုက်ခတ်သွားခဲ့သော
နာဂစ်မုန်တိုင်းလွန် သောကတွေ ၊မျက်ရည်စက်တွေ၊ ခြေလွတ်လက်လွတ်ဘ၀များစွာအတွက်
ဒေါ်လာ ၃သန်း ပေးလှူထားသည့် ဘီလ်ကိတ်။ တကယ့်တကယ်တမ်းတော့ အတ္တဟိတတွေနှင့်
ထူထူထဲထဲ ကျပ်ညပ်လျှက်ရှိနေသော ဤလောက ထဲမှာ ပရဟိတ စိတ်ရှိဖို့ဆိုတာ
တော်တော်လေးခဲယဉ်းပါတယ်၊ အရိုးအရင်းလေး အကြွင်းအကျန်လေးများကိုသာ
ပေးချင်သူက တော်တော်များပါတယ်၊ အကြွင်းမဲ့ ပေးဆပ်ဖို့ဆိုတာ မဟာဒုလ္လဘတရား၊။
အခု ၅၈ ဘီလီယံတဲ့ ၊ရှိတာ အကုန်တဲ့ မျက်ရည်မခြောက်သော ကမ္ဘာ့သားများအတွက်တဲ့
။ မိုက်ခရိုဆော့ ကုမ္ပဏီ၏ Window System ထက် ဘီလ်ကိတ်၏
လူသားအကျိုးပြုနှလုံးသားကို ကမ္ဘာက မှတ်တမ်း တင်ထားခဲ့ပြီ ဖြစ်ပါသည်

Wednesday, December 1, 2010

ကမ္ဘာမြေကို ဖန်ဆင်းသူမှာ ဘုရားသခင် မဟုတ်ဟု ဟော့ကင်းကဆို



ကမ္ဘာမြေကို ဖန်ဆင်းသူမှာ ဘုရားသခင် မဟုတ်ဟု ဟော့ကင်းကဆို
စကြာဝဠာသည် ဘုရားသခင် ဖန်ဆင်းမှုကြောင့် မဟုတ်ပဲ ရူပဗေဒ နိယာမအရ ပြင်းထန်သော ပေါက်ကွဲမှုဖြစ်စဉ် (Big Bang) ကြောင့်သာ ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း အင်္ဂလန်နိုင်ငံသား ရူပဗေဒ ပညာရှင် စတီဖင်ဟော့ကင်းက အသစ်ထုတ်ဝေမည့် စာအုပ်တွင် ထုတ်ဖော် ရေးသားလိုက်သည်။
အမေရိကန် ရူပဗေဒ ပညာရှင် Leonard Mlodinow နှင့်အတူ ပူးတွဲရေးသားသည့် “The Grand Design” အမည်ရှိ စာအုပ်တွင်ဟော့ကင်းက စကြာဝဠာကို ဖန်တီးသည့် သီအိုရီသစ်များကို ဖော်ပြထားကြောင်း ကြာသပတေးနေ့ထုတ် တိုင်းမ်သတင်းစာအရ သိရှိရသည်။
ကမ္ဘာမြေထု၏ ဆွဲငင်အားကဲ့သို့သော နိယာမတစ်ခုအရ စကြာဝဠာသည် တစ်စုံတစ်ရာ မရှိသော အခြေအနေ တစ်ခုမှ မိမိဘာသာ ဖန်တီးယူနိုင်ကြောင်း၊ ပင်ကို သဘောဆောင်သော ဖန်တီးမှုသည် ဘာမျှမရှိခြင်းထက် ပိုသော တစ်စုံတရာရှိခြင်း၏ အကြောင်းပြချက်ဖြစ်ပြီး ထိုအချက်ကြောင့် စကြာဝဠာနှင့် တကွ ကျွန်ုပ်တို့ တည်ရှိနေရခြင်း ဖြစ်ကြောင်း ဟော့ကင်းက ရေးသားထားသည်။ စကြာဝဠာ ဖြစ်တည်မှု အတွက် ဘုရားသခင်၏ စတင်ဖန်တီးမှု တစ်စုံတစ်ရာ မလိုအပ်ဟု သူကဆိုသည်။
အသက် ၆၈ နှစ်ရှိပြီဖြစ်သော ဟော့ကင်းသည် တွင်းနက်ကြီးများ (Black holes)၊ စကြဝဠာဗေဒ၊ ကမ္ဘာမြေ ဆွဲငင်အား ကွမ်တမ်နိယာမ တို့ဖြင့် ထင်ရှားသော သိပ္ပံပညာရှင် တစ်ဦးဖြစ်ပြီး ၁၉၈၈ ခုနှစ်က ထုတ်ဝေသော “A Brief History of Time” စာအုပ်ဖြင့် တကမ္ဘာလုံး အသိအမှတ်ပြုလောက်အောင်
အောင်မြင်မှု ရရှိခဲ့သူ ဖြစ်သည်။ ခေတ်သစ် ရူပဗေဒ သဘောတရားများ ဖြစ်သော အဲလ်ဘတ်အိုင်စတိုင်း၏ နှိုင်းရ သီအိုရီနှင့် ပရမာဏုမြူများနှင့် ပတ်သက်သော ကွမ်တမ်သီအိုရီ တို့ကို ဆက်စပ်နိုင်ရန်အတွက် ၁၉၇၄ ခုနှစ်မှ စတင် ကြိုးပမ်းခဲ့သည်။
သူ၏ နောက်ဆုံး သုံးသပ် တင်ပြချက်များသည် ဖန်တီးရှင် နတ်ဘုရားရှိသည်ဟု ယုံကြည်မှုနှင့် ပတ်သက်၍ ယခင်က အမြင်များကို ဆန့်ကျင်နေသည်။ ရူပဗေဒဆိုင်ရာ နိယာမများအရ ပြင်းထန်သော ပေါက်ကွဲမှုဖြစ်စဉ် (Big Bang) တွင် ဘုရားသခင်၏ ကြားဝင်လုပ်ဆောင်မှု ရှိသည်ဟု ယုံကြည်ရန်
မလိုအပ်ကြောင်း ယခင်က ရေးသားခဲ့သည်။ အကယ်၍ ကျွန်ုပ်တို့ အနေဖြင့် ပြည့်စုံသော သီအိုရီကို ရှာဖွေတွေ့ရှိခဲ့ပါက ၄င်းသည် ဘုရားသခင်၏ စိတ်ဆန္ဒကို နားလည်သင့်သည်ဟူသော လူသားတို့၏ အကြောင်းပြချက်နှင့် ပတ်သက်၍ အဆုံးစွန်သော အောင်မြင်မှု ဖြစ်လိမ့်မည်ဟု “A Brief History” စာအုပ်တွင် ရေးသားခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် နေမှတပါး အခြား ကြယ်တစ်ခုကို လှည့်ပတ်နေသော ဂြိုလ်တစ်ခုကို တွေ့ရှိခဲ့ရခြင်းမှာ ရူပဗေဒ ဖခင်ကြီး အိုင်ဆက်နယူတန်၏ စကြာဝဠာသည် ဘုရားသခင်၏ ဖန်တီးမှုမှလွဲ၍ အခြား ပရမ်းပတာ အခြေအနေကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ဟူသော အမြင်ကို ပြောင်းလဲရန် အကူအညီ
ဖြစ်ခဲ့သည်ဟု သူ၏ နောက်ဆုံး စာအုပ်တွင် ရေးထားသည်။ နေတစ်စင်းတည်းရှိမှု၊ နေနှင့်ကမ္ဘာ အကွာအဝေးနှင့် ကမ္ဘာမြေ အလေးချိန် တို့၏ ကံအားလျော်စွာ
ပေါင်းစပ်မူ တို့ဖြင့် ကမ္ဘာမြေသည် လူသားတို့အတွက် အဆင်ပြေသော နေရာတစ်ခုအဖြစ် ရှိနေခြင်းမှာ ဂြိုလ်များနှင့် ပတ်သက်သော အခြေအနေအရ တိုက်ဆိုင်မှုတစ်ခု ဖြစ်ကြောင်း သူက ရေးခဲ့သည်။
ဟော့ကင်းသည် ကြွက်သားများ တဖြည်းဖြည်း ကြုံလှီလာသည့် နာတာရှည်ရောဂါ ခံစားနေရသူ ဖြစ်ပြီး ကွန်ပြူတာ အကူအညီဖြင့် စကားပြောနေရသူ ဖြစ်သည်။
သူသည် ထိုရောဂါကို အသက် ၂၀ အရွယ်ကတည်းက ခံစားခဲ့ရသော်လည်း ကမ္ဘာ့သိပ္ပံပညာရပ် နယ်ပယ်တွင် ဦးဆောင်သူအဖြစ် ရပ်တည်နိုင်ခဲ့ကာ “Star Trek” ရုပ်ရှင်ကားနှင့် “Futurama” နှင့် “The Simpsons” ကာတွန်းကားများတွင် ဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။ ၁၉၇၉ ခုနှစ်မှ စတင်ကာ နယူတန်ထံမှ လွှဲပြောင်း ရယူခဲ့သော ကင်းဘရစ် တက္ကသိုလ်၏ သင်္ချာပါမောက္ခချုပ် ရာထူးမှ အနားယူခဲ့သည်။
“The Grand Design” စာအုပ်မှာ နောက်အပတ်တွင် စတင် ရောင်းချမည် ဖြစ်သည်။
Source : Mandalay Gazette

မြန်မာနိုင်ငံ အတွင်းမှ တိုင်းရင်းသားများ



မြန်မာနိုင်ငံ အတွင်းမှ တိုင်းရင်းသားများ
မန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုး ကို အစုရှစ်စု ခွဲခြားထားသည်-
(က) ကချင် (၁၂) မျိုး
(ခ) ကယား (၉) မျိုး
(ဂ) ကရင် (၁၁) မျိုး
(ဃ) ချင်း (၅၂) မျိုး
(င) ဗမာ (၉) မျိုး
(စ) မွန် (၁) မျိုး
(ဆ) ရခိုင် (၇) မျိုး
(ဇ) ရှမ်း (၃၄) မျိုး ဖြစ်သည်။

(က) ကချင် (၁၂) မျိုး
၁။ ကချင်
၂။ တရုမ်း
၃။ ဒလောင်
၎။ ဂေါ်ရီ
၅။ ဂျိမ်းဖော
၆။ ခခု
၇။ ဒူးလန်း
၈။ မရူ (လော်ဝေ)
၉။ ရ၀မ်
၁၀။ အဇီး
၁၁။ လရှီ
၁၂။ လီဆူး

(ခ) ကယား (၉) မျိုး
၁၃။ ကယား
၁၄။ ဇယိမ်း
၁၅။ ကယမ်း (ပဒေါင်)
၁၆။ ကဲ့ခို
၁၇။ ဂေဘား
၁၈။ ပရဲ (ကယော်)
၁၉။ မနုမနော
၂၀။ ယင်းတလဲ
၂၁။ ယင်းဘော်

(ဂ) ကရင် (၁၁) မျိုး
၂၂။ ကရင်
၂၃။ ကရင်ဖြူ
၂၄။ ပလေကီး
၂၅။ မွန်ကရင် (စာဖြူ)
၂၆။ စကော (ကရင်)
၂၇။ တလှေပွား
၂၈။ ပကူး
၂၉။ ဘွဲ
၃၀။ မောနေပွား
၃၁။ မိုးပွား
၃၂။ ပိုး (ကရင်)
(ဃ) ချင်း (၅၂) မျိုး
၃၃။ ချင်း
၃၄။ ဆလိုင်း
၃၅။ ခမီ
၃၆။ ခေါနိုး
၃၇။ ခေါင်ဆိုင်ချင်း
၃၈။ မယ်တိုင် (ကသဲ)
၃၉။ ကလင်ကော (လုရှည်)
၄၀။ အောင်ခမီ
၄၁။ ခေါင်စို
၄၂။ စွာဆင်း(မ်)
၄၃။ ခွန်လီ (ဆင်မ်)
၄၄။ ဂန်တဲ့
၄၅။ ဂွေးတဲ
၄၆။ ငွန်း
၄၇။ ဆီစာန်
၄၈။ ဆင်တန်
၄၉။ ဆိုင်းတန်
၅၀။ ဇာတောင်
၅၁။ ဇိုတုံး
၅၂။ ဇိုဖေ
၅၃။ ဇို
၅၄။ တီးတိန် (တဲဒင်မ်)
၅၅။ ဇန်ညှပ်
၅၆။ တပေါင်
၅၇။ တေဇန်
၅၈။ တိုင်ချွန်း
၅၉။ တာ့ဒို

(င) ဗမာ (၉) မျိုး
၈၆။ ဗမာ
၈၇။ ထားဝယ်
၈၈။ မြိတ်
၈၉။ ဆော (ယော)
၉၀။ ရဘိန်း
၉၁။ ကဒူး (ခုံကူး)
၉၂။ ကနန်း
၉၃။ ဆလုံ
၉၄။ ဇုန်း
(စ) မွန် (၁) မျိုး
၉၅။ မွန်
(ဆ) ရခိုင် (၇) မျိုး
၉၆။ ရခိုင်
၉၇။ ကမန်
၉၈။ ခမြီး
၉၉။ ဒိုင်းနက်
၁၀၀။ မရမာကြီး
၁၀၁။ မြို
၁၀၂။ သက်

(ဇ) ရှမ်း (၃၄) မျိုး
၁၀၃။ ရှမ်း
၁၀၄။ ယွန်း (လာအို)
၁၀၅။ ကြီ
၁၀၆။ ဖျင်
၁၀၇။ သအို
၁၀၈။ ဓနော
၁၀၉။ ပလေး
၁၁၀။ အင်
၁၁၁။ စုံ (ဆံ)
၁၁၂။ ခမူ
၁၁၃။ ကော် (အခါ-အီကော)
၁၁၄။ ကိုးကန့်
၁၁၅။ ခန္တီးရှမ်း
၁၁၆။ ဂုံ (ခွန်)
၁၁၇။ တောင်ရိုး
၁၁၈။ ဓနု
၁၁၉။ ပလောင်
၁၂၀။ မြောင်ဇီး
၁၂၁။ ယင်းကြား
၁၂၂။ ယင်းနက်
၁၂၃။ ရှမ်းကလေး
၁၂၄။ ရှမ်းကြီး
၁၂၅။ လားဟူ
၁၂၆။ အင်းသား
၁၂၇။ အိုက်ဆွယ်
၁၂၈။ ပအို့ဝ် (တောင်သူ)
၁၂၉။ တိုင်းလွယ်
၁၃၀။ တိုင်းလျမ်
၁၃၁။ ထိုင်းလုံ
၁၃၂။ တိုင်းလေ့
၁၃၃။ မိုင်းသာ
၁၃၄။ မောရှမ်း
၁၃၅။ ဝ

ဘာသာစကား

ဘာသာစကား
ဘာသာစကား တစ်ခုရယ်လို့ ဖြစ်လာပြီ ဆိုရင် ဝေါဟာရ ပြည့်စုံဖို့အတွက် စကားလုံး အသစ်တွေတီ ထွင်ရသလို နီးစပ်ရာအင်အားကြီး ဘာသာစကား တစ်ခုခုကနေ ရှိနှင့်ပြီးသား သူတို့ရဲ့ စကားလုံးက ကောက်ယူမွေးစား ကြတာလည်း ရှိပါတယ်။မြန်မာစာပေရယ်လို့ ဖြစ်လာတာ တကယ်တမ်းပြန်တွက်ကြည့်ရင် နှစ်ပေါင်း (၁၀၀၀) တစ်ထောင် မပြည့်သေးပါဘူး။ ဒါမြန်မာစာဟဲ့ ဆိုပြီး လက်ညိုးထိုးပြနိုင်တဲ့ ကျောက်စာက အေဒီ ၁၁၁၃ မှာ ရေးထိုးတဲ့ မြစေတီကျောက်စာမှာ အစောဆုံးတွေ့ရတာပါ။ပြန်တွက်ကြည့်ပါ။ နှစ်ပေါင်း (၈၉၅) နှစ်ပဲ ရှိပါသေးတယ်။ ပညာရှင်တွေရဲ့ယူဆချက်ကတော့ကျန်စစ်မင်းလက်ထက်မှာမှ မြန်မာစာ ဆိုတာကို စံနှုန်းတစ်ခုနဲ့ ဖြစ်လာဖို့ ကြိုးပမ်းခဲ့တယ်လို့ဆိုပါတယ်။ဒါပေမယ့် မွန်ပညာရှင်တွေဟာ အေဒီ ၅ ရာစုကတည်းက အိန္ဒိယတောင်ပိုင်းအက္ခရာတစ်ခုဖြစ်တဲ့ပလ္လ၀အက္ခရာကို အခြေခံပြီး မွန်အက္ခရာတွေကို တီထွင်ခဲ့ကြပါတယ်။ ဒါကြောင့်ကျန်စစ်မင်းလက်ထက်မြန်မာအက္ခရာတွေ ပြုစုကြတဲ့ အချိန်မှာ အဲဒီခေတ်အခါက သြဇာအရှိဆုံးဘာသာစကားဖြစ်တဲ့မွန်ဘာသာရဲ့ အက္ခရာအတော်များများကို မူရင်းအတိုင်း မွေးစားယူခဲ့ကြတယ်။ အက္ခရာတင်လားဆိုတော့မဟုတ်ပါဘူး။ စကားလုံး အတော်များများကိုလည်း ယဉ်ကျေးမှု မြင့်မားပြီး ဖြစ်တဲ့မွန်တွေဆီကနေမွေးစားယူခဲ့ကြတယ်။ ကျနော်တို့ တွင်တွင်ကြီး သုံးနေတဲ့ စကားလုံးအတော်များများဟာမွန်စကားလုံးတွေပါလား ဆိုတာကို ဒေါက်တာမင်းတင်မွန် ရဲ့ မွန်-မြန်မာစာပေပေါင်းကူးဆိုတဲ့စာအုပ် ဖတ်လိုက်ရမှ အသိပညာ တိုးပွားလာတာကြောင့် ချစ်သူငယ်ချင်း တွေလည်း သိစေချင်တဲ့ ဆန္ဒနဲ့ထပ်ဆင့်ကူးယူ တင်ပြလိုက်ပါတယ်။ စကားလုံးတွေ အများကြီး ရှိပေ မယ့် ထင်သာမြင်သာရုံလောက်ပဲတင်ပြနိုင်တာမို့အနည်းအကျဉ်းပဲ ဖော်ပြလိုက်ပါတယ်။ အသိပညာ တိုးပွားနိုင်ပါစေလို့ ........
ဓါးပြ - ဓါးပြကာ ဆိုးသွမ်းသောကြောင့် “ဓါးပြ” ဟုလည်းကောင်း၊ ချွန် “မြ” သော “ဓါး” ကို ကိုင်ဆောင်၍ ဆိုးသွမ်းသောကြောင့် “ဓါးမြ” ဟုလည်းကောင်း၊ အကြောင်းပြကြသည်။ ထိုအကြောင်းပြချက်များထက် မွန်စကား “ဒမ္လ” မှ ဆင်းသက်လာသည်ဟု ယူဆလျှင် ပို၍ သင့်လျော်ပါသည်။ “ဒမ္လ” ကို မွေးစားခဲ့သည့်အတွက် “ဒမြ” ဟု အသံထွက်၍ ရွတ်ဆိုနေခြင်း ဖြစ်ပေသည်။
တလား - မွန်ဘာသာ၌ “တလာ” (အသံထွက် - တလား) သည် “သေတ္တာ” ဟု အဓိပ္ပာယ်ရပါသည်။ သေတ္တာပုံရှိသော ဗုံတူရိယာကို “ဗာတ်တလာ” ဟုခေါ်သည်။ ယင်းတူရိယာကို မြန်မာတို့က “ပတ္တလား” ဟု ခေါ်ပါသည်။ မွန်စကားလုံး “တ္လာ” နှင့် မြန်မာ “သစ်” ကို ပေါင်းလိုက်သောအခါ “သစ်တ္လာ”၊ ထိုမှတစ်ဖန် “သေတ္တာ” ဟု ဖြစ်လာဖွယ်ရှိပါသည်။
သင်းပိုင် - “သင်း” တစ်လုံး “ပိုင်” တစ်လုံး အဓိပ္ပာယ် ကြံယူလျှင် သင်းပိုင်၏ အဓိပ္ပာယ်ကို မရပါ။ သင်းပိုင်သည် ပါဠိမှ ဆင်းသက်သည်လည်း မဟုတ်ပါ။ နံငယ်ပိုင်းကဲ့သို့သော ခါးဝတ်ပုဆိုးကို “သပိုင်” ဟု မွန်တို့က သမားရိုးကျ ခေါ်ဆိုခဲ့ကြသည်။ သင်းပိုင်ကိုလည်း “သပိုင်” ဟုပင် ယခုတိုင် ခေါ်ဆိုနေပါသည်။ ထို “သပိုင်” မှ “သင်းပိုင်” ဖြစ်လာသည်ဟု ယူဆသင့်ပါသည်။
ကနုသင်း၊ ခရုသင်း - ခရုကို မွန်တို့က “ကနု” ဟု ခေါ်သည်။ ကနုသင်း (၀ါ) ခရုသင်းဟူသော ဝေါဟာရသည် မွန်တို့အခေါ် “ကနုသင်” မှ ဆင်းသက်လာသည်ဟု ယူဆရပါသည်။ “သင်” သည် ကမ်းခြေဟု အဓိပ္ပာယ်ရပါသည်။ ပင်လယ်ကမ်းစပ်၌ တွေ့ရသော ခရုတစ်မျိုးဟု အဓိပ္ပာယ် ရပါသည်။
ခရုကမာ - မွန်ဘာသာ၌ ရေကန်ကို “ကမာ” ဟုခေါ်သည်။ ရေကန်ခရုကို “ကနုကမာ” ဟု ခေါ်သည်။ ယင်းအခေါ်မှ “ခရုကမာ” ဆင်းသက်လာသည်မှာ ထင်ရှားပါသည်။
အိတ်ထောင် - ရှပ်အင်္ကျီတွင် ထောင်နေသော အိတ်ဖြစ်၍ “အိတ်ထောင်” ခေါ်သည်ဟု မယူဆစေလိုပါ။ အိတ်ကို မွန်တို့က “ထိုင်” (အသံထွက် ထောင်း) ဟု ခေါ်ပါသည်။ ထို့ကြောင့် “အိတ်ထောင်” သည် မြန်မာ “အိတ်” နှင့် မွန် “ထိုင်” တို့ ပေါင်းစပ်ရာမှ ဖြစ်လာသည်ဟု ယူဆစေလိုပါသည်။ အိတ်ကို မွန်တို့က “ထိုင်” (အသံထွက် ထောင်း) ဟုခေါ်ပါသည်။ ထို့ကြောင့် “အိတ်ထောင်” သည် မြန်မာ “အိတ်” နှင့် မွန် “ထိုင်” တို့ ပေါင်းစပ်ရာမှ ဖြစ်လာသည်ဟု ယူဆစေလိုပါသည်။
လက်ကောက် - လက်၌ ၀တ်သောတန်ဆာကို “လက်ကောက်” ဟုခေါ်ပြီး ခြေ၌ ၀တ်သောတန်ဆာကို “ခြေကောက်” ဟု မခေါ်ဘဲ “ခြေကျင်း” ဟု ခေါ်သည်မှာ ဆန်းနေပါသည်။ အမှန်မှာ “ကောက်” သည် မွန်ဝေါဟာရ “လကံက်” (အသံထွက် - လကောက်) ကို မွေးစားထားခြင်း သာဖြစ်သည်။ လက်ကောက်ကို မွန်တို့က “လကံက်တဲ” ဟု ခေါ်ပါသည်။ “တဲ” မှာ “လက်” ဖြစ်ပါသည်။
အကောက်အခွန် - မြန်မာ “အကောက်” သည် မွန် “အကံက်” နှင့် အသံတူ အဓိပ္ပာယ်တူ၍ မြန်မာ “အခွန်” သည် မွန် “အခေါန်” နှင့် အသံတူ အဓိပ္ပာယ်တူပါသည်။ နိုင်ငံအုပ်ချုပ်ခြင်း၊ အခွန်အကောက် စည်းကြပ်ခြင်းတို့ကို မွန်တို့က ဦးစွာ ဆောင်ရွက်သူများဖြစ်၍ “အကောက်အခွန်” သည် မွန်တို့၏ “အကံက်အခေါန်” ကို မွေးစားထားသည်ဟု ယူဆသင့်ပါသည်။
ဘုဘမသိ - ဘုနှင့်ဘကို မခွဲခြားတတ်ခြင်းကို အခြေခံ၍ ဘုမသိဘမသိ ဖြစ်ပေါ်လာသည်ဟု ယူဆလျှင် အလွန်တိမ်သော ယူဆချက်ဖြစ်ပေမည်။ အမှန်မှာ “ဘုမသိ ဘမသိ” ကို “ဗုမသိ ဗမသိ” ဟု ရေးသင့်ပါသည်။ မွန်ဘာသာတွင် အဖြူကို “ဗု” ဟုခေါ်၍ အမဲကို “ဗစံက်” ဟုခေါ်သည်။ အဖြူမသိ အမဲမသိသည့် သဘောကို “ဗုဗဟွံတီ” (ဗုဗမသိ) ဟု ဆိုကြပါသည်။ ဗ မှာ ဗစံက်၏ ရှေ့စကားလုံးဖြစ်သည်။
ဗုန်းဗောလအော - အလွန်များပြားခြင်း၊ အဖိတ်အစင်ဖြစ်အောင် ပေါများခြင်းတို့ကို “ဗုန်းဗောလအော” ဖြစ်သည်ဟု ဆိုကြပါသည်။ မွန်ဘာသာတွင် ဤအဓိပ္ပာယ်နှင့် အသုံးပြုသော စကားလုံးနှစ်လုံး ရှိပါသည်။ “ဗုန်ဗ၀်” (ဗုံးဗော) နှင့် “ဗ၀်အ၀်” (ဗောအော) တို့ ဖြစ်ကြသည်။ ယင်းဝေါဟာရ နှစ်လုံးကို ပေါင်းစပ်၍ “ဗုန်းဗောလအော” ကို တီထွင်ခဲ့သည်ဟု ယူဆလျှင် သင့်မြတ်ပါသည်။
ပြတင်း - ခေါင်းပြူထွက်ကာ ကြည့်သောအပေါက် ဖြစ်၍ “ပြူတင်းပေါက်” ဟု အချို့က ဆိုကြသည်။ မဖြစ်တန်ရာပါ။ ပြတင်းပေါက်ဟု အဓိပ္ပာယ်ရသော မွန်ဝေါဟာရ “ဗတင်” မှ “ပြတင်း” ဖြစ်လာသည်ဟု ယူဆလျှင် သင့်မြတ်ပါသည်။
စစ်ကဲ၊ သူရဲ - ဤဝေါဟာရများသည် မွန်ဘာသာ “စက်ကဲာ” နှင့် “သရဲာ” အသီးသီးတို့မှ ဆင်းသက်လာသည်ဟု ယူဆရပါသည်။ နိုင်ငံ အုပ်ချုပ်မှုဆိုင်ရာတွင် မွန်က မြန်မာထက် စောသည်ကို မမေ့သင့်ပါ။
ဤတွင် “စာပေတန်ဆောင်” စာမျက်နှာ ၄၆၀ ၌ ပါမောက္ခ ဦးချမ်းမြ ရေးသားထားသည့် စာပိုဒ်တစ်ခုဖြင့်
နိဂုံးချုပ်လိုပါသည်။
အထက်ပါ မွန်စကားလုံးများကို မြန်မာတို့က ကောက်ယူမွေးစား သုံးထားကြောင်းကို သာဓကပြရာ၌ အရေးကြီးသော ထင်ရှားသော စကားလုံး အချို့ကိုသာ တင်ပြထားခြင်း ဖြစ်ပါသည်။ စင်စစ်ဆိုသော် မြန်မာစကားရင်းများတွင် များပြားလှစွာသော မွန်စကားတို့သည် မြန်မာစကားအသွင်ဖြင့် ရပ်တည်လျက် ရှိနေပါသည်။ အချို့မှာ မွေးစားထားသည်ဟု ဆိုရစေကာမူ မွေးစားထားသည် ဟူ၍မျှပင် မရိပ်မိ မသိရှိရလောက်အောင် မြန်မာစကားဖြစ်၍ နေကြပါသည်။ ဤသို့ မြန်မာစကား၌ မွန်စကားတို့ ရောယှက် ပါဝင်နေသည်ကို ထောက်သည်ရှိသော် ရှေးအခါက မွန်နှင့်ဗမာတို့သည် မည်မျှ ရင်းရင်းနှီးနှီး နေထိုင်ဆက်ဆံလာကြသည်ကို တွေးတောကြည့်နိုင်ပါသည်။ နှစ်ပေါင်းများစွာ အုပ်စည်းမပျက် ပေါင်းသင်းနေထိုင်လာကြပြီး တစ်ဦး၏ပစ္စည်းကို တစ်ဦးက မည်သို့ပင် သုံးစွဲယူငင်စေကာမူကျေကျေနပ်နပ် ချစ်ချစ်ခင်ခင်နှင့် ပေးကမ်းသုံးစွဲ လာကြကြောင်းမှာ ထင်ရှားပါသည်။ မွန်နှင့်ဗမာတို့သည် တစ်ဦးနှင့်တစ်ဦး သားချင်းသမီးချင်း ဖလှယ်၍ ကောက်ယူမွေးစားလာသကဲ့သို့ သွေးချင်းနှော၍ ဆွေးမျိုးတော်စပ်လာကြသည်ကို ထောက်ထားလျက် မည်သည့်အခါမျှ စိတ် မပျက်ဘဲ “မွန်ဗန်မာ” ဟူသော စကားသည် ဆက်လက်၍ အဓွန့်ရှည်စွာ တည်နေပါစေသတည်းဟု ဆုတောင်းရပါကြောင်း ..... ။

World AIDS Day ကမ္ဘာ့ (အေ-အိုင်-ဒီ-အက်စ်) နေ့



World AIDS Day ကမ္ဘာ့ (အေ-အိုင်-ဒီ-အက်စ်) နေ့
• ကမ္ဘာ့ AIDS နေ့ကို ၁၉၈၈ ခုနှစ် ဒီဇင်္ဘာ ၁ ရက်နေ့ကတည်းက AIDS ရောဂါတိုက်ဖျက်ရေးအတွက်
• ရံပုံငွေရှာဘို့၊
• တလွဲ အယူအဆတွေကို ပယ်ဖျက်ဘို့ နဲ့
• အသိပညာ တိုးတက်စေရေးတို့အတွက် သတ်မှတ် ကျင်းပနေခဲ့တယ်။

• HIV ဆိုတာ ပျောက်မသွားသေးဘူး။ လုပ်စရာတွေ အများကြီး ကျန်နေသေးတယ် ဆိုတာကို လူအများကို သိစေအောင် လုပ်ရလို့ ကမ္ဘာ့ AIDS နေ့က အရေးကြီးတယ်။
• UNAIDS ရဲ့ ခန့်မှန်းချက်အရ ကလေး ၂့၅ သန်း အပါအ၀င် လူပေါင်း ၃၃့၃ သန်းမှာ HIV ပိုး ရှိနေကြတယ်။ ၂၀၀၉ ခုနှစ်တုံးက လူနာသစ် ၂့၆ သန်းထပ်ရှိခဲ့ပြီး၊ ၁့၈ သန်း ဒီရောဂါကြောင့် သေဆုံးခဲ့ကြရတယ်။
• ဒီရောဂါ ဖြစ်သူထဲက တကယ့် အများစုကြီးဟာ ၀င်ငွေနည်း၊ ၀င်ငွေ အလယ်အလတ်သာရှိတဲ့ တိုင်းပြည်တွေက ဖြစ်ကြတယ်။ တကယ်တော့ HIV ဟာ နိုင်ငံတိုင်းက ယောက်ျား-မိန်းမ-ကလေး အားလုံးကို ခြိမ်းခြောက် နေတာပါ။
• World AIDS Day theme ကတော့ Universal Access and Human Rights “အားလုံး လက်လမ်းမီရေး နဲ့ လူ့အခွင့်အရေး” ဆိုတာ ၂၀၁၀ ခုနှစ်ရဲ့ ဆောင်ပုဒ် ဖြစ်တယ်။

• ကမ္ဘာ့ခေါင်းဆောင်တွေက HIV/AIDS ကုသရေး၊ ကာကွယ်ရေး ဆိုတာ “လူ့အခွင့်အရေး” အဖြစ် လက်ခံကြပြီး၊ HIV/AIDS နဲ့ ဆိုင်တာတွေကို လက်လှမ်းမီဘို့ တန်ဘိုးရှိတဲ့ တိုးတက်မှုတွေ လုပ်ခဲ့ကြပေမဲ့၊ လုပ်စရာတွေ တလှေကြီး ကျန်နေသေးတယ်။ ၀င်ငွေနည်း နဲ့ ၀င်ငွေအလတ်စားရှိ တိုင်းပြည်တွေမှာ ဒီရောဂါဆေး ARV ကို လူဦးရေ တ၀က်တောင်မှ မရနိုင်ကြသေးဘူး။ နှစ်စဉ် နှစ်တိုင်း လူသန်းများစွာ ကူးစက်ခံနေရဆဲ ဖြစ်လို့ပါ။
• HIV/AIDS ကပ်ရောဂါ တိုက်ဖျက်ဘို့ “လူ့အခွင့်အရေး” ဟာ အခြေခံကျတယ်။ လူ့အခွင့်အရေး ချိုးဖေါက် ခံရတာဟာ HIV ပြန့်နှံ့အောင် အားပေးတာဘဲ။ အပယ်ခံတွေ ဥပမာ မူးယစ်ဆေး ထိုးသူတွေနဲ့ လိင်နဲ့ အသက် မွေးရသူတွေကို အန္တရာယ်ပိုပြီး ကျရောက်စေတယ်။ လူတဦးချင်းရဲ့ အခွင့်အရေးကို ကာကွယ်ပေးရင် HIV ရှိပေမဲ့ ခွဲခြားခံရမှု ကင်းကင်းနဲ့ အသက်ရှင် နေနိုင်စေမယ်။
• တယောက်ချင်းဖြစ်ဖြစ်၊ ကွန်မြူနတီလိုက်ဖြစ်ဖြစ်၊ နိုင်ငံရေး ခေါင်းဆောင်တွေဖြစ်ဖြစ်၊ HIV/AIDS ရောဂါ ကာကွယ်၊ စောင့်ရှောက်၊ ကုသရေးမှာ တကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက် ပြည့်မီဘို့အတွက် လူ့အခွင့်အရေး ကာကွယ်ပေးဘို့ World AIDS Day ကမ္ဘာ့ AIDS နေ့ဟာ အခွင့်အလမ်းတခု ဖြစ်တယ်။
• သင် ဘာလုပ်နိုင်သလဲ။ အနီရောင် ဖဲပြားလေး ၀တ်ထားပြီး အသိပညာဖြန့်ပေးပါ။
• အနီရောင် ဖဲပြားလေးဟာ နိုင်ငံတကာ AIDS ရောဂါ အသိကြွယ်စေဘို့ စာနာစိတ်နဲ့ လူတိုင်း ၀တ်ဆင်ကြတဲ့ အထိမ်းအမှတ် သင်္ကေတ ဖြစ်တယ်။ သူများတွေကိုလဲ HIV ကို စိုးရိမ်စေဘို့၊ ကူညီကြဘို့၊ ပါဝင်လာကြဘို့ တိုက်တွန်းရာ ကြစေတယ်။
• အနီရောင် ဖဲပြားလေးကို ဘယ်သူကမဆို အလွယ်တကူ ကိုယ်တိုင် လုပ်ပါ။ တရားဝင် ပြုလုပ်သူဆိုတာ မရှိပါ။
• တကယ်လို့ ဒိထက်ပိုပြီး စိတ်ဝင်စားတယ်ဆိုရင် နီးစပ်ရာ အစီအစဉ်တွေမှာ ပါဝင်ပါ။ တကမ္ဘာလုံးမှာ နည်းအမျိုးမျိုးနဲ့ ဆောင်ရွက်နေကြပါတယ်။ ကိုယ်တိုင်လဲ တီထွင်လုပ်နိုင်ပါတယ်။

HIV/AIDS ဟာ ကပ်ရောဂါ

HIV ပိုးကို ၁၉၈၁ ခုနှစ်က စတွေ့ခဲ့ပြီး၊ HIV/AIDS ဟာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက် အန္တရာယ် ပြုနေဆဲ ကပ်ရောဂါ Pandemic diseases တွေထဲက တစ်မျိုး ဖြစ်တယ်။ HIV ဗိုင်းရပ်စ်ဟာ Retroviridae အုပ်စုဝင် ဖြစ်ပြီး HIV-1 နဲ့ HIV-2 ဆိုပြီး နှစ်မျိုးရှိတယ်။ HIV-1 ဟာ ပိုမို ပြင်းထန်တယ်၊ ကူးစက်လွယ်တယ်။ ကူးစက်ခံရရင် လူ့ခန္ဓာကိုယ်တွင်းက ခုခံမှုစနစ် Immune System မှာရှိတဲ့ CD4 Cell (Helper T Cells) ကို အဓိက ကူးစက် ဖျက်ဆီးတယ်။ ကူးစက်ခံရတဲ့ CD4 Cell တွေကို CD8 Cell တွေက ရန်သူပိုးမွှားလို့ ထင်မှတ်ပြီး မှားယွင်း တိုက်ခိုက်လို့ CD4 Cell တွေ လျော့နည်းစေတယ်။ ကျန်းမာတဲ့လူမှာ CD4 Cell အရေအတွက် 1200 cells/μl ရှိတယ်။

HIV ဆိုတာ ဘာလဲ
HIV (Human Immunodeficiency Virus) ဆိုတာ လူ့ရဲ့ ကိုယ်ခံစွမ်းအားကို ကျဆင်းစေတဲ့ Virus ပိုး ဖြစ်တယ်။

AIDS ဆိုတာ ဘာလဲ
AIDS (Acquired Immune Deficiency Syndrome) ခုခံအား ကျဆင်းမှုရောဂါ ဆိုတာ HIV ပိုး ကူးစက်ခံရလို့ ရလာရတဲ့ “ရောဂါလက္ခဏာ အစုအပေါင်း” ဖြစ်တယ်။ လက္ခဏာ သတ်သတ်မှတ်မှတ် မရှိဘူး။ Opportunistic infections အခွင့်သာလို့ ၀င်လာတဲ့ ကူးစက်ရောဂါတွေကြောင့် အသက် အန္တရာယ်ကို စိုးရိမ်ရတဲ့အထိ ဖြစ်စေတယ်။

ဘယ်တော့ AIDS ဖြစ်လာသလဲ
HIV ပိုးဝင်ပြီးနောက် ဆေးမကုသူတွေမှာ ၈-၁၀ နှစ်ကြာမှ AIDS ဖြစ်လာတယ်။


HIV ကူးစက်နိုင်တဲ့ နည်းလမ်းများ
1. ပိုးရှိသူ နှင့် လိင်တူ-လိင်ကွဲ ဆက်ဆံခြင်း၊ လူနာ ၉၀% က လိင်ဆက်ဆံရာက ကူးတယ်။ ၆၀-၇၀% က လိင်တူဆက်ဆံလို့ ကူးတယ်။
2. ပိုးပါတဲ့ သွေးသွင်းခြင်း (၉၀% ကျော် ကူးနိုင်စွမ်းရှိတယ်)၊ ပိုးရှိသူနဲ့ ဆေးထိုးအပ် ဆေးထိုးပြွန် မျှဝေသုံးစွဲခြင်း၊ တကတူး ဆေးမင်ကြောင် ထိုးခြင်း၊ ဓါတ်အပ် စိုက်ခြင်း၊ ကွင်းတွေတပ်ဆင် အလှပြင်ခြင်း၊
3. ကိုယ်ဝန်ဆောင် မိခင်က ကလေးကို ကူးစက်ခြင်း (၁၅-၃၀%) တို့ ဖြစ်တယ်။

အဆင့်များ
Stage I ဘာ ရောဂါလက္ခဏာမှ မရှိသေးတာ။
Stage II သာမန်အရေပြား၊ အရေပြားနု၊ အသက်ရှူလမ်း အပေါ်ပိုင်းတွေမှာ ရောဂါလက္ခဏာတွေ ရှိလာတာ။
Stage III ၀မ်းခဏခဏ၊ အကြာကြီး (၁ လ) လျှောတာ၊ ဆိုးဝါးတဲ့ ဗက်တီးရီးယားပိုးဝင်တာ၊ နူမိုးနီးယား၊ အဆုပ်တီဘီ ဖြစ်လာတာ။

Stage IV ဦးနှောက်မှာ Toxoplasmosis ရောဂါ၊ အစာမြိုပြွန်-လေပြွန်-အဆုပ်မှာ Candidiasis မှိုရောဂါ၊ Kaposi's Sarcoma ရောဂါ ၀င်လာတာ။ ဒီလိုရောဂါတွေက လူကောင်းတွေဆိုရင် ကုသရတာလွယ်တယ်။ CD4 positive T cell count အရေအတွက်က 200 per mm3 of blood ထက်နည်းမယ်။ WHO ကနေ Antiretroviral (ARV) therapy ဆေးကုဘို့ ညွှန်းတယ်။

ဆေးကုသခြင်း
• HIV ကို လုံးဝ ပျောက်ကင်း စေနိုင်တဲ့ ဆေးဝါး ယခုအချိန်ထိ မပေါ်သေးပါ။
• ဗိုင်းရပ်စ် ပေါက်ပွားတာကို ထိန်းချုပ်ပေးပြီး၊ CD4 Cell အရေအတွက် ဆက်မလျော့ ကျစေလို့ ရောဂါ ရှေ့ဆက် တိုးမှာကို ဟန့်တားပေးတဲ့ ဆေးတွေသာ ရှိတယ်။
• HIV ပိုးကြောင့် ခံစားရတဲ့ ဝေဒနာတွေကို သက်သာစေဘို့၊
• ရောဂါပိုး အရေအတွက်ကို လျှော့ချပေးဘို့၊
• လူနာရဲ့ သက်တမ်းကို ဆွဲဆန့်ပေးဘို့၊
• လူနာရဲ့ ကျန်းမာရေး ကောင်းမွန်စေပြီး အလုပ် ပြန်လုပ်နိုင်စေဘို့သာ ဖြစ်တယ်။


HIV ကူးစက်မှု ရှိ-မရှိ၊ အကောင်း-အဆိုး စစ်ဆေးခြင်း
HIV antibody ကို အလျှင်အမြန် စစ်ဆေးပေးတဲ့ ကိရိယာ (Rapid HIV test) ကို အလွယ်တကူ ရနိုင်တယ်။ အခြား စစ်ဆေးနိုင်တဲ့ စမ်းသပ်နည်းတွေကတော့ ELISA, Western Blot နည်းတွေ ဖြစ်တယ်။ ပိုးဝင် ပြီးချိန်က HIV antibody စစ်ဆေး တွေ့ရှိချိန်ထိ ကာလကို Window period လို့ ခေါ်တယ်။ ဒီကာလမှာ HIV ကူးစက်ခံရမှန်း မသိနိုင်တဲ့အချိန် ဖြစ်ပြီး အခြားသူတွေကိုတော့ ကူးစက်နိုင်စွမ်း ရှိတယ်။ ၉၉% သော HIV ကူးစက် ခံရသူများဟာ ၃ လ အကြာမှာ HIV antibody စစ်ဆေး တွေ့ရှိနိုင်တယ်။

ရောဂါပိုး ၀င်ခါစမှာ သွေးစစ်ရင် ချက်ချင်း မပေါ်ဘူး။ HIV antibody test ကို စစ်ရင် လွန်ခဲ့တဲ့ (၃) လ မတိုင်ခင်က အခြေအနေကိုပဲ ပြတယ်။ အမျိုးသား နဲ့ အမျိုးသမီး အိမ်ထောင် မပြုမီမှာလဲပဲ နှစ်ယောက်လုံးက သွေးစစ် သင့်ကြတယ်။

HIV/AIDS ရောဂါ အကောင်း-အဆိုး သိချင်ရင် စမ်းသပ်တဲ့ နည်းတခုကို CD4 (Cluster of differentiation 4) လို့ ခေါ်တယ်။ အလွယ်ခေါ် T4 count; T-helper cells; T-suppressor cells; Cytotoxic T-cells နဲ့ တရားဝင် အခေါ်က CD4 lymphocyte count; CD8 lymphocyte count; CD4/CD8 ratio; CD4 percent ဖြစ်တယ်။

CD4 Count
လူတိုင်းမှာ ခုခံနိုင်စွမ်း ရှိအောင် လုပ်ပေးနေတဲ့ (ဆဲလ်) တွေ အမျိုးမျိုးရှိတဲ့ထဲမှာ Lymphocyte ခေါ်တဲ့ သွေးဖြူဥတမျိုး ပါတယ်။ HIV ပိုးဝင်လာရင် T-cells ကို တိုက်ခိုက်တယ်။ CD4 က T cells ထဲကို HIV-1 ၀င်လာစေဘို့ “ဧည့်ကြို” တာဝန် ယူသလို ဖြစ်တယ်။ အဲဒီ (ဆဲလ်) တွေကို အသုံးချပြီး၊ ပုံတူပွါးတာမို့ ခုခံအားစနစ်ကို ဖျက်ဆီးရာ ရောက်စေတယ်။ ဒါ့ကြောင့် ဒီ (ဆဲလ်) တွေ နည်းနေတာဟာ ခုခံစွမ်းအားတွေ ကျဆင်းတယ်လို့ သွယ်ဝှိုက်ပြီး ပြောတယ်။


ရောဂါ ဖြစ်စပိုင်းမှာတော့ လူဟာ ပျက်စီး-ပြောင်းသွားတဲ့ CD4 cells ကို အစားထိုး ပေးနိုင်သေးတယ်။ နောက်ပိုင်းကြ ဒီလို မလုပ်နိုင်တော့ဘူး။ CD4 cells တွေ နည်းလာလေလေ ခုခံအားကျလေဘဲ။ နောက်ဆုံး ဘာဆိုဘာမှ မခုခံနိုင်တော့ပါ။

CD4 Count ကို တခါထဲ စမ်းရတာ မဟုတ်ပါ။ နောက်စမ်းရင် အဖြေ မတူတာတွေ ထွက်မယ်။ ယှဉ်ကြည့်ရတယ်။ တယောက်ထဲမှာတောင် မနက်ခင်းမှာ ညနေထက် နည်းတတ်တယ်။ HIV မဟုတ်ဘဲ နူမိုးနီးယား၊ ရေယုံ၊ တုပ်ကွေးတို့လို ရောဂါ တခုခု ရနေရင်လည်း CD4 count ခဏတဖြုတ် နည်းတယ်။ ကင်ဆာဆေး သောက်နေရရင်လည်း နည်းတယ်။

ပုံမှန် CD4 counts 500-1500/mm3 အတွင်းရှိတယ်။ ဓါတ်ခွဲခမ်း တခုနှင့်တခု မတူပါ။ 500-1200 x 106/L လို့ သတ်မှတ်တာလဲ ရှိတယ်။ CD4 Count 200 cells/mm3 ရှိတာတွေ့ရင် AIDS ရောဂါသည်လို့ ပြောတယ်။ ARV ဆေးကို တချို့ ဆေးရုံတွေက 350 cells/mm3 ရှိကတည်းက ရောဂါလက္ခဏာ ရှိရှိ-မရှိရှိ ဆေးပေးတယ်။ CD4 နည်းပေမဲ့ ကျန်းမာနေသူလဲ ရှိတယ်။ မနည်းပေမဲ့ နေမကောင်း ဖြစ်နေသူလဲ ရှိပြန်သေးတယ်။

HIV viral load test ခေါ်တဲ့ သွေးထဲမှာ ဒီဗိုင်းရပ်စ်တွေ ဘယ်လောက်ရှိနေသလဲ သိတဲ့ စမ်းသပ်မှုနဲ့ပါ တွဲမှ ရောဂါ ဆိုးလာတာ၊ ဆေးထိရောက်တာ ဆိုတာ ပိုသေခြာတယ်။ CD4 ဟာ HIV ပိုးက ဘယ်လောက် ဖျက်ဆီးထားပြီလဲ ဆိုတာကို သိစေနိုင်ပြီး၊ Viral load ကတော့ သွေးထဲမှာ HIV ပိုး ဘယ်လောက် များများ ရှိနေသလဲကို သိစေတယ်။ Viral load များနေတာ မကောင်းဘူး။ 100,000 ကျော်ရင် ဆေးကုပါ။

HIV ရှိရင် CD4 အရေအတွက် ကျဆင်းတယ်။ ARV ဆေးပေးပြီးနောက် နလံထမှာ တခါ ပြန်တက်လာတယ်။ CD4 နဲ့ Viral load (VL) ဆက်စပ်နေတာ ရှိသလို တခါတလေ အဲလို မဟုတ်တာလဲ တွေ့နေရတယ်။ ၁၀% လောက်မှာ VL ကျနေပေမဲ့ CD4 မတက်ဘူး။ ဒါ့ကြောင့် CD4 တုံ့ပြန်မှု မရှိတာနဲ့ ဆေးကုတာ မထိရောက်ဘူးလို့ မပြောနိုင်ပါ။ Viral load (VL) က CD4 လောက်တော့ မတိကျပါ။

အခြေခံ အကျဆုံးအချက်ကို ပြောရရင် “ဆေးစစ်နည်းတွေဆိုတာ လူတွေလိုဘဲ Perfect မဖြစ်ကြပါ။”


Condom (ကွန်ဒွမ်)
လိင်ဆက်ဆံမှု ပြုတိုင်း Latex condom (ကွန်ဒွမ်) ကို စနစ်တကျ သုံးခြင်းဟာ HIV ကို ကာကွယ်နိုင်တဲ့ တခုထဲသော အကောင်းဆုံးနည်း ဖြစ်တယ်လို့ UNAIDS, WHO, UNFPA ဆိုတဲ့ နိုင်ငံတကာ အမြင့်ဆုံး ကျန်းမာရေး အဖွဲ့ အစည်းတွေက ထောက်ခံချက် ပေးထားတယ်။ ၉၈% ထိရောက်တယ်။ (ကွန်ဒွမ်) ကို ရည်ရွယ်ချက် ၂ ခုအတွက် သုံးရတယ်။
1. ကိုယ်ဝန်ရမှာကို တားဘို့နဲ့
2. HIV အပါအ၀င် STD လိင်ကတဆင့် ကူးစက်မဲ့ (ဆစ်ဖလစ်၊ ရေယုံ၊ ကလာမိုင်ဒီးယား၊ ဂနိုရီးယား၊) ရောဂါ မှန်သမျှတွေကို ကူးစက်မလာအောင် ကာကွယ်ဘို့ ဖြစ်တယ်။
ဒါပေမဲ့ Genital warts လိင်လမ်း ကြွက်နို့ နဲ့ Genital herpes လိင်လမ်း ရေယုံတွေကိုတော့ မကာကွယ်နိုင်ဘူး။

(ကွန်ဒွမ်) ကို သုံးတာလဲ စဉ်ဆက် မပြတ်စေရဘူး။ အသုံးပြုနည်းလဲ မှန်ရမယ်။ နည်းအမှန်ဆိုတာ ဘာလဲ။ လိင်တခါ ဆက်ဆံတိုင်း (ကွန်ဒွမ်) အသစ်ဖြစ်ရမယ်။ (ကွန်ဒွမ်) ကို (ဗဂျိုင်းနား-ပါးစပ်-စအို) နဲ့ ထိစပ်မှု မရှိသေးခင် ကျားအင်္ဂါ သန်မာတာနဲ့ စွပ်ရမယ်။ စွပ်တဲ့အခါ၊ (ကွန်ဒွမ်) ရဲ့ အရင်းကို လက်နဲ့ ကိုင်ပြီး၊ လိင်တံတခုလုံးအပေါ် ဖုံးပေးပါ၊ လေ မခိုစေအောင် ဂရုစိုက်ပါ၊ အဖျားမှာတော့ ထွက်လာမဲ့ သုတ်ရည်အတွက် နေရာ ကျန်နေပါစေ။ ဒီနေရာက လွဲရင် လိင်တံ တခုလုံးပေါ်မှာ သပ်သပ်ရပ်ရပ် ကပ်နေအောင် ရှိပါစေ။

Latex condoms ဆိုရင် ချောဆီ မလိုပါ။ မဟုတ်ရင် Water-based lubricants ရေအခြေခံ-ချောဆီကိုသာ သုံးပါ။ K-Y Jelly က အကောင်းဆုံး ဖြစ်တယ်။ ဆီအခြေခံ Oil-based lubricants, Petroleum jelly, Vaseline (ဗက်ဆလင်း)၊ Hand lotion, Baby oil ကအစ တခြား ဘယ်ဆီ အမျိုးအစားကိုမှ မသုံးရပါ။ Silicone lubricant က အ၀တ်အစားကို စွန်းထင်းစေတယ်။


Ejaculation သုတ်ရည် ထွက်ပြီးတာနဲ့ ကျားအင်္ဂါ နဂိုအနေ ပြန်မကျခင်မှာ (ကွန်ဒွမ်) ကို ချွတ်ပါ။ ချွတ်တဲ့အခါ အထဲက သုတ်ရည်တွေ တစက်မှ ဖိတ်မကျစေပါနဲ့။ မ-အင်္ဂါထဲ ကျွတ်ကျန် မနေစေပါနဲ့။ တယုတယ ကိုင်ပြီး ချွတ်ပါ။

မထိရောက်မှု
ကိုယ်ဝန် မတားနိုင်တာ၊ ရောဂါ မတားနိုင်တာ ဘယ်လောက် ရှိတယ်ဆိုတာ သုတေသန ရလဒ်တွေ မတူကြပါ။ (ကွန်ဒွမ်) အမျိုးအစား၊ အရည်အသွေး၊ စွပ်နည်း-ချွတ်နည်း၊ အချိန်၊ စဉ်ဆက်မပြတ် သုံးတာ ဟုတ်-မဟုတ်၊ (ကွန်ဒွမ်) မသုံးခင် ကတည်းက ရောဂါ-ကိုယ်ဝန် ရှိနေ-မနေ၊ စတာတွေပါ ထည့်စဉ်းစားရတယ်။

(ကွန်ဒွမ်) အရည်အသွေး
ခပ်ညံ့ညံ့ နိုင်ငံတွေမှာ မတော်တဲ့လူတွေ နဲ့ ခပ်ပေါပေါ ပစ္စည်းတွေသာ များတယ်။ အမေရိကားမှာ Food and Drug Administration (FDA) က အသိအမှတ်ပြုမှ ရောင်းခွင့်ရှိတယ်။ ဥရောပ မှာတော့ CE Mark ပါရတယ်။ တကမ္ဘာလုံးမှာ ဆိုရင် International Organization for Standardization (ISO) အမှတ်ပါမှ စိတ်ချနိုင်တယ်။ UK မှာ ဒါမျိုးတွေ မပါပေမဲ့ Kitemark, British Standard Kite Mark BS EN 600 ဆိုရင် ကောင်းတယ်။ WHO ကလဲ ဘယ်လို စမ်းသပ်မှုတွေကို ခံနိုင်ရည်ရှိရမယ် ဆိုတာ သတ်မှတ် ပေးထားတယ်။

အပိုလုပ်ပေးထားတဲ့ အရောင်၊ အနံ့ စတာတွေက ကျန်းမာရေးအတွက် သက်ရောက်မှု မရှိပါ။ Latex condom ကို အများဆုံး သုံးတယ်။ သူနဲ့ မတည့်သူတွေက Polyurethane Condom သုံးရတယ်။ Female Condom အမျိုးသမီး သုံးလဲ ရှိတယ်။ Polyurethane နဲ့ လုပ်ထားတာပါ။ ကွင်း ၂ ခုပါတယ်။ Invisible Condom မမြင်နိုင်တဲ့ (ကွန်ဒွမ်) ဆိုတာ ကနေဒါမှာ ထုတ်လုပ်ဘို့ ကြိုးစားနေတယ်။ အရည်တမျိုးကနေ Barrier gel ဖြစ်လာစေပြီး အကာကွယ် လုပ်ပေးမှာမျိုး ဖြစ်တယ်။ ရောဂါပိုးတွေကိုရော သုတ်ပိုးကိုပါ သေစေမယ်။ Spray on Condom ဆေးပန်း (ကွန်ဒွမ်) ကို ဂျာမနီမှာ စမ်းနေတယ်။ တချို့ (ကွန်ဒွမ်) တွေမှာ Spermicide သုတ်ပိုးသေဆေး ပါတယ်။ Foam ဒါမှမဟုတ် Cream အနေနဲ့ သုတ်ထား ပေးတာမျိုး။ ကိုယ်ဝန် မရမှာကို ပိုသေခြာအောင် လုပ်တာပါ။


သုံးနေရင်းနဲ့ (ကွန်ဒွမ်) ပေါက်သွားရင်
ရောဂါကာကွယ်ဘို့ သုံးသူက (ကွန်ဒွမ်) အသစ်လဲရမယ်။ ကိုယ်ဝန်တားဘို့ သုံးသူဆိုရင် အရေးပေါ်တားနည်း Emergency contraceptive (EC) လုပ်ရမယ်။ ကိုယ်ဝန်တားဆေး တခုခု သုံးနေသူတွေလဲ တကယ်လို့ ကိုယ့်အဖေါ်ရဲ့ အကြောင်း မသိရင် ရောဂါတွေ ကာကွယ်ဘို့ (ကွန်ဒွမ်) ကိုပါ သုံးရပါမယ်။ တကယ်လို့ HIV ပိုးရှိနေသူနဲ့ ဆက်ဆံနေရင်း (ကွန်ဒွမ်) ပေါက်ပြဲသွားရင် Antiviral therapy ဆေး သောက်ရပါမယ်။

လိင်လမ်းတမျိုး (ဗဂျိုင်းနား) မှာ သုံးပြီးသားကို နောက်တလမ်း (စအို) အတွက် (ကွန်ဒွမ်) အသစ်သုံးဘို့နဲ့ Group အုပ်စုလို အဆန်းအပြား ကစားကြရာမှာလဲ တယောက်အတွက် သုံးထားတာကို နောက်တယောက်အတွက် အသစ် ဖြစ်ရပါမယ်။ သုံးပြီးသားကို စွန့်ပြစ်တဲ့အခါ တစ်ရှူးနဲ့ပတ်ပြီး၊ အမှိုက်ပုံးထဲ ပြစ်ပါ။ Toilet ထဲ မပြစ်ရပါ။ Biodegradable မဟုတ်ပါ။

HIV ပိုးရှိတဲ့ သူနဲ့ အတူနေခြင်း
HIV ပိုးရှိတဲ့သူနဲ့ တအိမ်ထဲ နေရတာဟာ ပိုးမရှိသူနဲ့ နေရတာနဲ့က ဘာမှ သိပ်မထူးလှပါ။ ပုံမှန်-သာမန် ထိတွေ့မှုတွေ ကြောင့်တော့ ဒီရောဂါပိုး ကူးတယ်ဆိုတာ မရှိဘူး။ ဒါပေမဲ့ အရမ်းကာရောတော့ မဟုတ်ပါ။
• အိမ်မွေး တိရစ္ဆာန်တွေ၊ ခြင်၊ ယင်၊ ပိုးဟပ်၊ ကြမ်းပိုးတွေကနေတဆင့် မကူးစက်နိုင်ပါ။
• ပိုးရှိသူရဲ့ သွေးနဲ့ ထိတွေ့မိတဲ့ အရေပြားမှာ ပွန်းပဲ့တာ မရှိရင်တော့ အရေပြားကို ဖောက်ပြီး မ၀င်နိုင်ဘူး။
• Social kiss သာမန် နမ်းရုံနဲ့တော့ မကူးပါ။ Lip kiss ပါးစပ်ခြင်းနမ်းတဲ့အခါ ပါးစပ်မှာ အနာရှိနေရင်၊ သွားဖုံးသွေး ယိုနေရင်၊ ကြမ်းကြမ်းတမ်းတမ်း နမ်းလို့ ပွန်းပဲ့ပြီး သွေးထွက်လာရင် ကူးစက် နိုင်တယ်။

• ဒဏ်ရာ အနာတရ၊ ပွန်းပဲ့နာမျိုးရှိနေသူမှာ အဲဒီနေရာကို ရောဂါပိုးရှိသူရဲ့ သွေးနဲ့ ထိတွေ့မိရင် ကူးစက်နိုင်တယ်။
• ရောဂါရှိတဲ့ လူမမာကို ပြုစုတဲ့အခါ လူနာရဲ့ ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေ (ဥပမာ အနာက ထွက်တဲ့ အရည်၊ ချွဲ၊ သလိပ်) တွေထဲမှာ ရောဂါပိုး အနည်းအကျဉ်း ပါနိုင်လို့ ကိုင်တွယ်တဲ့အခါမှာ လက်အိတ်နဲ့ ကိုင်တွယ်ပါ။ ပြီးရင်လဲ လက်ကို ချက်ချင်း ဆေးပါ။
• ဒဏ်ရာတွေ အနာတွေ ရှိရင် လုံအောင် ပတ်တီး စီးထားပါ။
• သွားတိုက်တံ၊ လက်သည်းညှပ်၊ နဲ့ မုတ်ဆိတ်ရိတ် ကိရိယာတွေကို မျှပြီး မသုံးပါနဲ့။
• ဆေးထိုးအပ်တွေကို ဖြုတ်ခြင်း တပ်ခြင်း မပြုလုပ်နဲ့။ အပ်တွေကို ကလေးရှိရာ နေရာတွေမှာ မထားပါနဲ့။

HIV positive ကိုယ်ဝန်ဆောင်
HIV ပိုးရှိနေတဲ့ ကိုယ်ဝန်ဆောင် မိခင်ကနေ မွေးလာမဲ့ ကလေးကို ကူးစက်နိုင်တဲ့ အခွင့်အလမ်း ၁၅-၃၀% ရှိတယ်။ ကူးနိုင်တဲ့ နည်းတွေက -
(၁) ကိုယ်ဝန်ဆောင်နေတုံး၊

(၂) မွေးဖွါးဖြစ်စဉ် ဖြစ်နေတုံး (၁၀-၂၀%) နဲ့
(၃) နို့တိုက်နေတုံး (၁၀-၁၅% ထပ်ဆောင်းတယ်) ကနေ ဖြစ်နိုင်တယ်။

ကိုယ်ဝန်ဆောင်နေတုံး အချင်းကနေ သန္ဓေသားဆီ များသောအားဖြင့် မရောက်ပါ။ မိခင်က ကျန်းမာရေး ကောင်းနေရင် အချင်းက အကာကွယ် ပေးရာတောင် ကျသေးတယ်။ ဒါ့ကြောင့် (၁) မိခင်လောင်းက အစာအာဟာရ ကောင်းကောင်း စားဘို့ လိုတယ်။ (၂) တခြားရောဂါ (ငှက်ဖျား၊ တီဘီ၊ ဆီးအောင့်၊) မ၀င်အောင် ဂရုစိုက်ရမယ်။ (၃) မိခင်က HIV ဆေးကုနေရင် ကလေးကို ကူးစရာအခွင့်အလမ်း ၂% သာရှိလို့ ဆေးကုပါ။

ဒီလိုဖြစ်တဲ့ သား-အမိကို ချက်ချင်း ဆေးကုရမယ်။ ARV (Nevirapine or Zidovudine) ဆေးပေးရမယ်။ Nevirapine ဆေးကို မွေးဖွါးနေတဲ့မိခင်ကို တလုံး၊ ကလေးကို ၇၂ နာရီအတွင်း ၁ လုံးပေးရမယ်။ Zidovudine ဆေးကို ကိုယ်ဝန် ဆောင်နေတုံး မမွေးခင် ၆ လမှာ ပေးထားရင် ကူးစက်တာ နည်းစေတယ်။

အမေရိကားမှာ ဒီဆေးကို စသုံးခဲ့ပြီး၊ အခု တခြားဆေးနဲ့ တွဲပေးနေတယ်။ ဆေးကို ကိုယ်ဝန် ၃ လနောက်ပိုင်းမှာ ပေးတယ်။ ဘာအကာအကွယ်မှ လုပ်မထားရင် ကလေးဖွါးနေတုံးမှာ မိခင်ကနေ ကလေးကူးဘို့ ၁၀-၂၀% ရှိတယ်။ သွေးနဲ့ ရေမြွှာရည်နဲ့ ထိရင် ကူးတယ်။ ဒါ့ကြောင့် ရေမြွှာအိတ်ကို စောပြီးဖေါက် မွေးမပေးရဘူး။ Episiotomy မွေးလမ်းချဲ့ မွေးတာလည်း ရှောင်ရမယ်။ LSCS ခွဲမွေးနည်းက ကူးစရာလမ်း နည်းစေတယ်။

ပိုးရှိမိခင်က နို့တိုက်လို့ ကလေးကူးရတာ ၁၅% ရှိတယ်။ နို့စောစော ဖြတ်သင့်တယ်။ နို့မတိုက်လေ ကူးဘို့အခွင့် နည်းလေ။ မကြာသေးခင်ကဘဲ HIV ပိုးရှိသူ မိခင်တွေက နို့တိုက်တာကို WHO က တားမြစ် လိုက်တယ်။ မအေကို ဆေးကုသမှု ခံဘို့နဲ့ ကလေးမှာ ရောဂါပိုး ရှိ-မရှိ စောနိုင်သမျှ စောပြီး (၆ ပတ်အတွင်း) ဆေးစစ်ဘို့ပါ အကြံပြုတယ်။ ကလေးက ရောဂါပိုးရှိလို့ စောစော ဆေးမကုရင် ၂ နှစ်ထက် အသက် မရှည်ဘူး။


ကလေးတွေမှာ အများအားဖြင့် အသက် ၈ လခန့်မှာ ရောဂါလက္ခဏာတွေ ပေါ်လာ တတ်တယ်။ တစ်ခါတစ်လေ မွေးပြီး မကြာခင် စပေါ် နိုင်တယ်။ လက္ခဏာတွေက -
• ကလေးကြီးထွားမှု မရှိခြင်း၊ ကြီးထွားမှု နှေးကွေးမယ်၊
• အသည်း၊ ဘေလုံး၊ အကျိတ်များ ကြီးထွားနေမယ်၊
• မကြာခဏ ဖျားခြင်း၊ ကူးစက်ရောဂါများ ခံစားရခြင်းစတဲ့ လက္ခဏာတွေ တွေ့ရတတ်တယ်။

သံမဏိ စည်းမျဉ်း ၅ ချက်
1. အခြေအနေမှန်ကို ရှင်းရှင်း သိနေကြအောင် ပွင့်ပွင့်လင်းလင်း ပြောပါ။ စိုးရိမ်တာ ရှိသမျှ ထုတ်ပြောပါ။ တယောက် အပေါ် တယောက် ရိုးသားပါ။ ကိုယ်ထင်တာကို တရားသူကြီးလုပ်ပြီး ဆုံးဖြတ်ချက် မချပါနဲ့။
2. အကြောက် မလွန်ပါနဲ့။ မီးဖိုနဲ့ အိမ်သာ အတူသုံးရတာနဲ့ ပိုးက ကိုယ့်ဆီ ကူးမလာနိုင်ပါ။ အတူနေလေ့ရှိကြတဲ့ ညီအကိုလို၊ မောင်နှမလို၊ သားအမိ-သားအဖလို၊ အခန်းကို (ရှယ်) လုပ်နေလေ့ရှိတဲ့ သူငယ်ချင်းလို နေကြတာက စိုးရိမ်စရာ နတ္ထိပါ။
3. HIV အကြောင်း ကျန်းမာရေး-လူမှုရေး သုတတော့ လေ့လာထားကြပါ။ တိတိပပ ပြောပါ့မယ်၊ “သွေး၊ မိခင်နို့၊ ကျား-သုတ်ရည်၊ မ-ဗဂျိုင်းနားက အရည်၊ ” ဤလေးမည်ကနေသာ ကူးပါတယ်။ လက်ခြင်းထိ၊ ပါးခြင်းအပ်၊ ကျောခြင်း ကပ်ယုံနဲ့ လုံးဝမကူးပါ။ သွားထိလို့ ဓါတ်လိုက်မှာလား ကြောက်စရာ မထားပါနဲ့။ စာအတူ ဖတ်ပါ၊ တီဗွီအတူ ထိုင်ကြည့်ပါ။ ထမင်း တစားပွဲထဲ ထိုင်စားပါ။ ညောင်းလို့ နှိပ်နင်းပေးလဲ ရောဂါ မရပါ၊ ကုသိုလ်သာ ရပါမယ်။

4. သူ့ အတွင်းရေး-လုံခြုံမှုကို လေးစားပါ။ တစိမ်းတရံတွေကို “သူကရောဂါသည်” လို့ မလိုအပ်ဘဲနဲ့၊ နှိမ်ချင်တဲ့ သဘောနဲ့ မပြောပါနဲ့။
5. စည်းကမ်း-ကလနား သတ်မှတ်ထားပါ။ ကိုယ့်ပစ္စည်း လာသုံးတာကို အပြတ်ငြင်းပါ၊ အားမနာပါနဲ့။ ဆောရီး လောက်နဲ့ မရပါ။ ပိုးရှိသူကနေ ချတဲ့ စည်းကမ်းကိုလည်း တခြားလူတွေက လိုက်နာကြပါ။

ဒီလိုရောဂါအတွက် အင်မတန် စိတ်ထားမြင့်တဲ့ “ဆိုရှယ်-၀ပ်ကားစ်” တွေ ဖြစ်နိုင်ကြပါတယ်။ ဆရာဝန်တွေမှ မဟုတ်ပါ၊ နိုင်ငံလှည့်ပြီး၊ ကမ္ဘာလှည့်ပြီး၊ ရောဂါကာကွယ်ရေး အသိပေးသူတွေ မနည်းပါ။

Dr. တင့်ဆွေ
၂၈-၁၁-၂၀၁၀