Thursday, December 2, 2010

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ဘာကြောင့်လိုအပ်သလဲ(အပိုင်းနှစ်)

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ဘာကြောင့်လိုအပ်သလဲ(အပိုင်းနှစ်)
၂။ ။သီးခြားစီရပ်တည်နေထိုင်နိုင်တဲ့အခြေအနေ
လူမျိုးစုကြီး(၈)မျိုးထဲမှာ ဗမာကလွဲရင် ကျန်တဲ့လူမျိုးတွေဟာ နိုင်ငံတော်ရဲ့နယ်စပ်မျဉ်းတစ်လျှောက်မှာ သူ့နေရာနဲ့သူ စီတန်းပြီးရှိနေကြတယ်။ သူတို့မှာသီးခြားဘာသာစကား၊ စာပေ၊ယဉ်ကျေးမှုတွေရှိနေကြတယ်။
လက်ရှိမိမိတို့ရဲ့ အခြေပြုတဲ့ဒေသတွေမှာ နှစ်ပေါင်းရာထောင်ချီပြီး အခြေချနေထိုင်လာခဲ့ကြတယ်။ ၄င်းတို့မှာ လူဦးရေအရလည်း တော်တော်များများနဲ့ စုစုစည်းစည်းရှိနေကြတယ်။ ဒေသတွင်းစီးပွားရေးအခြေခံနဲ့ ရပ်တည်နိုင် တဲ့အနေအထားရှိတယ်။ မိမိတို့အမျိုးသားကံကြမ္မာကိုဖန်တီးခွင့်ရဖို့ ပြင်းထန်တဲ့ဆန္ဒနဲ့ နှစ်ပေါင်းများစွာ ရုန်းကန် လှုပ်ရှားခဲ့ကြတယ်။ ဒါတွေဟာ အမျိုးသားအလိုက်သီးခြားရပ်တည်နေထိုင်နိုင်တဲ့ အခြေခံလက္ခဏာတွေဖြစ်တယ်။ ဒီလောက်ထင်ထင်ရှားရှားခိုင်ခိုင်မာမာရှိနေတာကို မျက်ကွယ်ပြုပြီး နည်းပေါင်းစုံနဲ့ဖိနှိပ်ကာ ဗမာဖြစ်သွားအောင် ဝါးမျိုဖျောက်ဖျက်တာကို လူမျိုးစုများလက်သင့်ခံကြမှာဟုတ်ဘူး။

၃။ ။တန်းတူညီမျှရေးမှစုစည်းညီညွတ်မှုရှိစေရန်
လူသားတွေဟာသဘာဝအရ စုစည်းညီညွတ်မှုကိုလိုလားကြတယ်။ စုစည်းညီညွတ်မှလည်း အင်အားရှိ မယ်။ အင်အားရှိမှလည်း သဘာဝအန္တရယ် ပြင်ပကရန်ပြုလာတဲ့အန္တရာယ်ကို ကာကွယ်ခုခံနိုင်မှာဖြစ်တယ်။ စုစည်း ညီညွတ်မှုရှိမှလည်း အေးချမ်းပြီးတိုးတက်တဲ့ဘဝကိုရရှိနိုင်မှာဖြစ်တယ်။ ဒါကြောင့် စုစည်းညီညွတ်မှုကို လူတိုင်း လိုလားတာဖြစ်တယ်။ ဒီစုစည်းညီညွတ်မှုကိုတည်ဆောက်နိုင်ဖို့အတွက် အခြေခံလိုအပ်ချက်ကတော့ တန်းတူညီ မျှမှုရှိရေးဖြစ်တယ်။ မရှိအတူ၊ရှိအတူ အေးအတူပူအမျှ အခွင့်အရေးနဲ့ အခွင့်အာဏာတွေညီမျှဖို့လိုတယ်။ လူတစ်ဦးချင်းအရရော လူတစ်စုချင်း၊ လူတစ်မျိုးချင်း၊ တစ်ဘာသာချင်းကအစ အခွင့်အရေးညီမျှဖို့လိုတယ်။ သမိုင်း မှာ လူမျိုး၊ ကိုကွယ်ရာဘာသာ၊ အသားရောင်ဇာတ်နိမ့်၊ ဇာတ်မြင့်အပေါ် အခြေခံပြီး အခွင့်အရေးနဲ့ အခွင့်အာဏာတွေ ခွဲခြားခဲ့ခြင်းရှိလို့ စစ်ပွဲတွေ၊ လူသတ်ပွဲတွေဖြစ်ခဲ့ကြတာများပြီး။ ဒါတွေကိုသင်ခန်းစာယူပြီး ငြိမ်းချမ်းတဲ့ကမ္ဘာကြီးဖြစ်အောင် တည်ဆောက်နေတဲ့ကာလမှာ မိမိလူမျိုးအတွက် အခွင့်အရေးအာဏာပိုယူ ထားတာဟာ မှားယွင်းတဲ့သဘောထား မှားယွင်းတဲ့လုပ်ရပ်ဖြစ်တယ်။ မိမိပုဂ္ဂိုလ်အကျိုး၊ အုပ်စုအကျိုး၊လူမျိုးအကျိုး၊ ဘာသာအကျိုးကိုသာ ဦးစားပေးတတ်တဲ့လူတွေဟာ လူအများကို စုစည်းလို့မရနိုင်ပါ။

၁၉၄၇ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းရင်းသားလူမျိုးစုအချို့ကို အခွင့်အရေးဘာမျှမပေး၊ လူမျိုးစု အချို့ကို ပြည်နယ်တွေပေးထားပေမယ့် ဗမာတွေလွှမ်းမိုးတဲ့ပြည်မအောက်မှာထားရှိခဲ့တာကြောင့် အာဏာနဲ့ အခွင့် အရေး တန်းတူညီမျှစေရေးအတွက် ဖက်ဒရယ်ပြည်ထောင်စုကို ဖွဲ့စည်းဖို့တောင်းဆိုလှုပ်ရှားခဲ့တာဖြစ်တယ်။ ဒီလိုတောင်းဆိုတာကို ခွဲထွက်ရေးလို့တံဆိပ်ကပ်ပြီး စစ်တပ်ကအာဏာသိမ်းခဲ့တယ်။ ပြီးတော့ တစ်ပါတီ အာဏာရှင်စနစ်နဲ့အုပ်ချုပ်ခဲ့တယ်။ စစ်တပ်ကိုပိုမိုတိုးချဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်။ တိုင်းရင်းသားပြည်နယ်တွေရဲ့အခွင့်အာဏာတွေကို ထပ်မံပြီးလျှော့ချကာ ကွပ်ကဲရေး အဖွဲ့မှာ စစ်ဗိုလ်တွေကိုထည့်သွင်းချုပ်ကိုင်စေခဲ့တယ်။ ဒီလိုလုပ်တော့ ပြည်တွင်းစစ်မီးဟာချုပ်ငြိမ်းမသွားဘဲ ပိုမိုကြီး ထွားကျယ်ပြန့်လာခဲ့တယ်။ တိုင်းရင်းသားလူမျိုးစုံတို့က လက်နက်ကိုင်တော်လှန်လာကြတယ်။ အာဏာသိမ်း စစ်အစိုးရကလည်း စစ်ဆင်ရေးမှာ ပိုမိုထိရောက်အောင်မြင်စေဖို့ သူပုန်တွေကို အထောက်အကူဖြစ်စေနိုင်တယ်လို့ ယူဆရတဲ့လူထုကို ဖမ်းဆီးသတ်ဖြတ်မောင်းထုတ် မုဒိမ်းကျင့်တာတွေများလာတယ်။ တစ်ဖက်မှာ စစ်ဆင်ရေးကို အထောက်အကူဖြစ်စေဖို့ လူထုကိုလိုက်လံဖမ်းဆီးပြီး အထမ်းသမားအဖြစ်၊ ဗုံးရှင်းကိရိယာအဖြစ် အသုံးပြုခဲ့ကြ တယ်။

အဲဒီအချိန်ကစပြီး လူ့အခွင့်အရေးချိုးဖောက် မှုတွေဟာ နေရာဒေသအနှံ့အပြားမှာဖြစ်ပေါ်လာတော့တယ်။ ပြည်သူတွေဟာစစ်အုပ်ချုပ်ရေးရဲ့ ခါးသီးတဲ့အရသာကိုစတင်ခံစားနားလည်လာကြတယ်။ စစ်တပ်ဟာလူထုပိုင် ပစ္စည်းတွေကို ပြည်သူပိုင်လို့ကြွေးကြော်ပြီးသိမ်းယူခဲ့တယ်။ နိုင်ငံတော်ရဲ့ဘဏ္ဍာငွေတွေကိုလည်း စစ်ရေးမှာပိုပြီး သုံးစွဲလာခဲ့တယ်။ ဒီလိုနဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကဏတွေဟာနိမ့်ကျလာပြီး နောက်ဆုံးတော့ လူစဉ်မမီတဲ့ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဆင့်ကိုရောက်ခဲ့ရတယ်။ ဒီအကျိုးဆက်တွေကြောင့် ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ သံဃာတော်တွေမခံမရပ်နိုင်ဖြစ်ကြပြီး အုံကြွပေါက်ကွဲမှုတွေ ဖြစ်လာခဲ့ရတယ်။ အခုတော့ ဗမာအမျိုသားပြည်သူတွေ လွတ်လပ်ရေးရခဲ့တယ်ဆိုပေမယ့် လွတ်လပ်ရေးရဲ့အရသာကိုမခံစားကြရဘူး။ တိုင်းရင်း သားလူမျိုးစုတွေလိုပဲ ကျေးကျွန်တွေဖြစ်နေရပြီး။ တကယ်တော့ ဗမာလူထုတွေရဲ့နစ်နာဆုံးရှုံးမှုတွေဟာ စစ်ဖြစ်နေ တဲ့နယ်စပ်နဲ့ တောနယ်ဒေသက တိုင်းရင်းသားပြည်သူတွေရဲ့ဘဝထက် အများကြီးသာပါသေးတယ်။ တိုင်းရင်းသား ဒေသကပြည်သူတွေဟာ သူများနိုင်ငံကိုမှီခိုနေရတဲ့ စစ်ပြေးဒုက္ခသည်ဘဝ၊ တောတောင်တွေကြားမှာ ပြေးလွှား ပုန်းအောင်းနေရတဲ့ (IDP) ဒုက္ခသည်ဘဝကို သိန်းပေါင်းများစွာ ရောက်ရှိနေကြရတယ်။

ဒီလိုဘဝဆိုးတွေက အမြန်လွှတ်မြောက်ပြီး အေးအေးချမ်းချမ်း စုစုစည်းစည်းနဲ့ ညီညီညွတ်ညွတ် နေထိုင်နိုင်ဖို့လိုပါလိမ့်မယ်။ ရှေ့ဆောင်သူတွေအနေနဲ့ တိုင်းရင်းသားတွေရဲ့မျိုးချစ်စိတ်ဓါတ်ကို သိသာဖို့လိုပါတယ်။
နိုင်ငံခြားကအထောက်အပံ့တွေမရပေမယ့်လည်း အနှစ်(၆ဝ)တိုင်တိုင်လက်နက်ကိုင်ပြီး တော်လှန် ရပ်တည်နေနိုင် တာဟာသက်သေပါပဲ။ ဗမာမျိုးချစ်တွေအနေနဲ့ အင်္ဂလိပ်၊ ဂျပန်တွေရဲ့ကျွန်ဘဝကိုရောက်ခဲ့ရစဉ်က ခံစားခဲ့ရ နာကျည်းခဲ့ရတာမျိုးလိုပဲ ဒီနေ့တိုင်းရင်းသားတွေဘက်ကနာကျည်းနေရပါတယ်။ အာဏာရယူသူတွေဟာ ဗမာ စကား၊ ဗမာစာပေ၊ ဗမာယဉ်ကျေးမှုတွေကိုချည်း အစွမ်းကုန်မြင့်တင်ပေးနေပြီး ကျန်တိုင်းရင်း သားတွေကိုတော့ အသိအမှတ်ပြုခြင်း၊ နေရာပေးခြင်း၊လွတ်လပ်ခွင့်ပေးခြင်းတွေမရှိခဲ့ဘူး။ ဒါတွေဟာ လူမျိုးရေးအရ ဝါးမျိုနေတာ ဖြစ်တယ်။ ပြည်တွင်းစစ်ရပ်စဲပြီး အမျိုးသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်ချင်ရင် ဒီလုပ်ရပ်တွေကိုပြုပြင် ပေးဖို့ ဗမာတွေရဲ့တာဝန်သာဖြစ်တယ်။ ပြုပြင်ပေးနိုင်မှလွတ်လပ်ရေးရဲ့အရသာကို ဗမာလူမျိုးပြည်သူအများစုက ခံစားခွင့်ရှိနိုင်ပါလိမ့်မယ်။

ဒီနေ့ဗမာလူမျိုးပြည်သူတွေ အခက်အခဲအကြပ်အတည်းပေါင်းစုံနဲ့ ရင်ဆိုင်နေရသလို တိုင်းရင်းသား လူမျိုးပေါင်းစုံတွေကလည်း အညီအမျှခံစားနေရတယ်။ ဒါတွေအပြင် တိုင်းရင်းသားတွေဟာ လူမျိုးရေးအရ ဝါးမျိုမြို အခြေပြုနယ်မြေထဲက နည်းပေါင်းစုံနဲ့မောင်းထုတ်ခံနေရမှုတွေရှိနေတယ်။ ဒီအခြေအနေဆိုးတွေကို ပြောင်းလဲ ပြုပြင်ဖို့ ဒီမိုကရေစီအခွင့်အရေးတစ်ခုတည်းနဲ့မလုံလောက်ဘူး။ တိုင်းရင်းသားတွေရဲ့လွတ်လပ်ခွင့်နဲ့ တန်းတူခွင့် တွေကို အသိအမှတ်ပြုဖို့လိုပါတယ်။ ဆွစ်ဇာလန်နိုင်ငံနဲ့ စင်္ကာပူနိုင်ငံတွေကိုလေ့လာကြည့်ပါ။ နိုင်ငံငယ်၊ လူဦးရေ နည်းနည်းလေးနဲ့ သူတို့နိုင်ငံထဲမှာစကား၊စာပေ(၄)မျိုးကို ရုံးသုံးဘာသာအဖြစ် အသိအမှတ်ပြုပြဌာန်းထားတယ်။ ဒါကြောင့်သူတို့မှာ လူမျိုးရေးအရပြသနာမရှိဘူး။ ညီညွတ်တယ်၊ အေးချမ်းတယ်၊ တိုးတက်တယ်။

ဒီနေ့ကျွန်တော်တို့နိုင်ငံမှာ ရင်ဆိုင်နေရတဲ့အခြေအနေဆိုးတွေက အမြန်လွတ်မြောက်ပြီးငြိမ်းချမ်း သာယာ တိုးတက်တဲ့ နိုင်ငံတော်သစ်ကိုတည်ဆောက်ဖို့ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားအင်အားစုတွေ ပူးတွဲ ပေါင်းစည်းကြဖို့လိုနေပါတယ်။ ဒီလိုပူးတွဲပေါင်းစည်းကြရာမှာ ခိုင်မြဲတဲ့စုစည်းညီညွတ်မှု တစ်ရပ်ဖြစ်လာ နိုင်ဖို့အတွက် တစ်ချိန်ကဗိုလ်ချုပ်အောင်ဆန်းလို ရိုးသားဖြောင့်မတ်ပြီးပွင့်လင်းတဲ့ ဒီမိုကရေစီ ခေါင်းဆောင်တွေ လိုအပ်နေပါတယ်။ တကယ်တော့ ဒီမိုကရေစီအခွင့်အရေးကို တိုင်းရင်းသားတွေဘက်က ဗမာတွေနဲ့ထပ်တူ လိုလားနေတာပါ။

ဒါပေမယ့်ဒီမိုကရေစီတစ်ခုတည်းနဲ့ပဲရပ်ပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ကျော ခိုင်းနေမယ်ဆိုရင် တိုင်းရင်းသားတွေအတွက် ကျွန်ဘဝမှာဆက်ပြီး နစ်မွန်းနေရမှာမို့ ဒီမိုကရေစီအင်အားစုတွေနဲ့ အပြည့်အဝလက်တွဲချင်မှာမဟုတ်ဘူး။ ဒီတော့ပူးတွဲပေါင်းစည်းရေးဟာ ခိုင်မာအားကောင်းနိုင်မှာမဟုတ်ဘူး။ ဒီလို သာဖြစ်နေရင် တိုင်းပြည်ကရင်ဆိုင်နေရတဲ့ ဆင်းရဲကြပ်တည်းမှုအနေအထားဟာ ဆက်ပြီးကြာရှည်နေပါလိမ့် မယ်။

ဒါကြောင့်ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့လိုပါတယ်။ ဒီလိုရယူနိုင်ဖို့ ဒီမိုကရေ စီအင်အားစုနဲ့ တိုင်းရင်းသားအင်အားစုတို့ပူးတွဲပေါင်းစည်းပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ရေး လမ်းစဉ်ကိုချမှတ်ဖို့ လိုအပ်နေပါကြောင်း စေတနာကောင်းနှင့် တင်ပြလိုက်ပါတယ်။

ရွှေဟင်္သာ

No comments:

Post a Comment