Saturday, February 5, 2011

DESKTOP တစ်လုံးဘယ်လို တည်ဆောက်မလဲ


DESKTOP တစ်လုံးဘယ်လို တည်ဆောက်မလဲ
IT Weekly
01/31/2011 - 15:47
အရင်က ကွန်ပျူတာတစ်လုံးကို တည်ဆောက်ဖို့ဆိုတာ ကျွန်တော်တို့ဆီမှာ ပညာရှင်တွေပဲ လုပ်နိုင်တဲ့အရာ ဆိုပေမယ့် ယခုအချိန်မှာတော့ လူငယ်တော်တော်များများဟာ ကွန်ပျူတာ တစ်လုံးကို ကိုယ်တိုင် တည်ဆောက် နေကြပါပြီ။ ဒါပေမဲ့ အချို့လူငယ်တွေဟာ ကွန်ပျူတာ တစ်လုံးကို တည်ဆောက်ဖို့ကို ခက်ခဲတဲ့ အရာရယ်လို့ မြင်နေကြတုန်းပါပဲ။ အဲဒါကြောင့် Desktop တစ်လုံးကို အဆင်ပြေပြေ ဘယ်လို တည်ဆောက်မလဲ ဆိုတာကို မျှဝေပေးလိုက်ပါတယ်။
အရင်ဆုံးစဉ်းစား
ကွန်ပျူတာတစ်လုံးကို တည်ဆောက်တော့မယ်ဆိုရင် ဘယ်လိုလုပ်ငန်းမျိုးမှာ အသုံးပြုမယ်၊ ဘာအတွက် အသုံးပြုမယ်ဆိုတာကို အဓိကထားစဉ်းစာရမှာပါ။ တိတိကျကျ ပြောရမယ်ဆိုရင် ဘယ် OS ကိုသုံးပြီး ဘယ် Application တွေကို OS ပေါ်မှာ Run မယ်လို့ စဉ်းစားပြီးမှ Hardware ဖြည့်ဆည်းမှုကို ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဂိမ်းအတွက်၊ Multimedia အတွက်ရယ်လို့ ဦးတည်ချက်ထားပြီး တည်ဆောက်တာတွေရှိသလို စွယ်စုံသုံး ကွန်ပျူတာတစ်လုံး အနေနဲ့လည်း တည်ဆောက်လို့ရပါတယ်။
မရှိမဖြစ် ပစ္စည်းများ
ဦးတည်ချက် တစ်ခုနဲ့သုံးမယ့် ကွန်ပျူတာပဲဖြစ်ဖြစ် စွယ်စုံသုံး ကွန်ပျူတာဖြစ်ဖြစ် မရှိမဖြစ်လိုအပ်တဲ့ Essential Component တွေကို ပထမဆုံးစဉ်းစားရမှာပါ။
CASING
Casing ဟာအရေးမကြီးဘူး ထင်ရပေမယ့် တကယ်လိုအပ်တဲ့ အရာပါ။ အခုအချိန်မှာ ကွန်ပျူတာ အရောင်းဆိုင်တွေမှာတော့ နောက်ဆုံးပေါ် ATX Casing အမျိုးအစားပေါင်းများစွာကို ကိုယ့်လိုအပ်ချက်နဲ့ အညီ အဆင်ပြေစွာ စိတ်ကြိုက် ဝယ်ယူနိုင်ပါတယ်။
PROCESSOR
ကွန်ပျူတာတစ်လုံးမှာ Processor လို့ခေါ်တဲ့ CPU ကတော့ လိုအပ်ချက် အလွန်ကြီးမားပါတယ်။ ဒါပေမဲ့ စိတ်ပူစရာတော့ မရှိပါဘူး။ကျွန်တော်တို့ဆီမှာ Processor အမျိုးအစားများစွာကို ဝယ်ယူနိုင်ပါပြီ။ AMD Processor တွေက ကျွန်တော်တို့နဲ့ အကျွမ်းဝင်မှု နည်းပေမယ့် Intel Processor တွေကတော့ စိတ်ကြိုက် ရွေးချယ် ဝယ်ယူနိုင်တဲ့ အခြေအနေပါ။ Core i3, Core i5,Core i7 Processor တွေနဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်ကို ရရှိနိုင်သလို Core 2 Duo နဲ့ Quad Core Processor တွေကလည်း သင့်ရဲ့လိုအင်ကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်တဲ့အတွက် ကိုယ်ကြိုက်တဲ့ CPU ကိုအကောင်းဆုံး ရွေးချယ်လို့ရမှာပါ။
RAM
CPU ကို ရွေးချယ်ပြီးတဲ့အခါ RAM အတွက် စဉ်းစားမယ်ဆိုရင်တော့ CPU နဲ့အဆင်ပြေမယ့် RAM ကို စဉ်းစားရမှာပါ။ RAM ရဲ့မြန်နှုန်းနဲ့ ပမာဏက အရေးကြီး ပါတယ်။ DDR3 SDRAM အမျိုးအစားကို 2GB, 4GB လောက် တပ်ဆင်ထားမယ်ဆိုရင်လည်း Application တွေကို အဆင်ပြေပြေ အသုံးပြုလို့ရမယ့် အခြေအနေပါ။
HARD DRIVE
Data တွေကို သိမ်းဆည်းဖို့အတွက် Hard Drive ကို ရွေးချယ်ရမှာပါ။ ဈေးကွက်ထဲမှာ Hard Drive အမျိုးအစားတွေကစုံပြီး 160 GB, 250 GB, 320 GB, 500 GB, 1 TB ဆိုပြီးကိုယ်ကြိုက်တဲ့ ပမာဏကို ရွေးချယ်လို့ ရပါတယ်။ HDD အမြန်နှုန်း RPM မြန်လေလေ Data တွေကို Access လုပ်ရာမှာ မြန်မြန် လက်ခံ ရရှိမယ် ဆိုတာကိုလည်း မေ့မထားသင့်ပါဘူး။
MOTHERBOARD
ဒီပစ္စည်းကတော့ ကွန်ပျူတာ တစ်လုံးကို တည်ဆောက်ရာမှာ အခြေခံကျတဲ့ ပစ္စည်းပါ။ ဈေးကွက်ထဲမှာ ကျပ် (၂၀၀၀၀၀) ကျော်တဲ့ MB တွေရှိနေသလို ကျပ်(၁၀၀၀၀၀) ကျော်တန်တွေကလည်း အဆင့်မြင့်မြင့် သုံးနိုင်ပါတယ်။ (၇၀၀၀၀၊ ၈၀၀၀၀) တန်တွေလည်း ဝယ်ယူ ရရှိနိုင်ပြီး MB ကိုရွေးချယ်ရာမှာ Chipset အမျိုးအစား Port, Slot နဲ့ Controller တွေကိုလည်း ထည့်သွင်း စဉ်းစားရမှာပါ။ ဘယ် Chipset ကိုအသုံးပြုထားတယ်၊ BIOS Chip က ဘာအမျိုးအစား၊ သူတို့တွေက ဘာတွေ အထောက်အပံ့ပေးလဲ၊ ဘယ်လို CPU အမျိုးအစားကို အသုံးပြုနိုင်တယ်၊ RAM ဘယ်လောက်အထိ စိုက်ပြီး အသုံးပြုလို့ရမယ် ဆိုတာတွေနဲ့ ချင့်ချိန် မေးမြန်းပြီး ဝယ်ယူ သင့်ပါတယ်။ အဲဒါအပြင် Input နဲ့ Output အတွက် Port တွေပါဝင်မှု၊ လိုအပ်လျှင် ကွန်ပျူတာရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပြီး တိုးချဲ့ဖို့အတွက် Card တွေ ထပ်စိုက်လို့ရမယ့် Slot တွေရဲ့အရေအတွက်နဲ့ အမျိုးအစား၊ Controller တွေ ပါဝင်မှု စတာတွေကို တိတိကျကျ လေ့လာပြီး မေးမြန်း ဝယ်ယူတဲ့အခါ ရမ်းပြီး ဝယ်တာထက် အများကြီး သာလွန် ကောင်းမွန်မှာ ဖြစ်ပါတယ်။
POWER SUPPLY
သူ့ရဲ့ အလုပ်ကတော့ AC မီးလိုင်းကို DC ပြောင်းပြီး Motherboard နဲ့အခြား System Hard ware တွေကို Power မျှဝေပေးရတဲ့ အလုပ်ပါ။ Power ဖြန့်ဝေနှုန်းက 12 V, 5 V နဲ့ 3.3 V ဖြစ်ပြီး Watt များတဲ့ PSU ကို ဝယ်ယူတာဟာ အကောင်းဆုံးမို့ 550 W နဲ့ 600 W ရှိတဲ့ Power Supply ကိုပဲဝယ် ယူသင့်ပါတယ်။
MONITOR
ကွန်ပျူတာကို အသုံးပြုဖို့အတွက် Monitor ဟာလည်း မရှိမဖြစ် လိုအပ်ပါတယ်။ အမျိုးအစားများစွာရှိပြီး သူ့ကို ရွေးချယ်ရာမှာတော့ Screen အကျယ်နဲ့ Resolution ထုတ်ပေးနိုင်တဲ့ အနေအထား စတာတွေ အပေါ် အခြေခံလို့ ဝယ်ယူရမှာပါ။
KEYBOARD & MOUSE
ဒီပစ္စည်းတွေကလည်း ရွေးချယ်ရတာ လွယ်ကူပါတယ်။ Cable နဲ့ အသုံးပြုရတာရှိသလို Wireless အသုံးပြုရတဲ့ Mouse တွေလည်း ရှိပါတယ်။ System ထဲကို Instruction တွေပေးဖို့ အဓိကကျတဲ့အတွက် Keyboard နဲ့ Mouse ဟာလည်း ကွန်ပျူတာ တစ်လုံး တည်ဆောက်ရာမှာ မဖြစ်မနေ ပါဝင်ရတဲ့ ပစ္စည်းတွေပါ။ ဒီလောက်ဆိုရင် သာမန် အိမ်သုံးရုံးသုံး ကွန်ပျူတာ တစ်လုံးကို သင်ကိုယ်တိုင် စိတ်ကူးယဉ် တည်ဆောက်ဖို့ အဆင်ပြေသွားမှာပါ။ ဒါပေမဲ့ ဒါ့ထက်မက စွမ်းဆောင်ရည်မြင့်တဲ့ Gaming PC တွေ Multimedia သုံး PC တွေကို တည်ဆောက်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးလိုက်တဲ့ ပစ္စည်းတွေနဲ့ တွဲဖက်ပြီး Graphic Card တို့လို Sound Card တို့လို Hardware ပစ္စည်းတွေကို Motherboard ပေါ်မှာရှိတဲ့ Slot တွေပေါ်မှာ စိုက်ပြီး ကိုယ်ဖြစ်ချင်တဲ့ ပုံစံအထိ မွမ်းမံလို့ ရပါတယ်။ ကွန်ပျူတာ တစ်လုံးကို အဆင်ပြေပြေ တည်ဆောက်ဖို့ဆိုတဲ့ အလုပ်ဟာ ထင်သလောက် မလွယ်ကူသလို မဖြစ်နိုင်တဲ့ အရာတစ်ခု မဟုတ်လို့ အခုမျှဝေလိုက်တဲ့ ကွန်ပျူတာ တည်ဆောက်ခြင်း ဗဟုသုတ ဆောင်းပါးလေးကို ဖတ်လို့ ကိုယ်တိုင် ကွန်ပျူတာတစ်လုံး တည်ဆောက်ဖို့ တိုက်တွန်းလိုက်ရပါတယ်

No comments:

Post a Comment