Saturday, November 20, 2010

အာရုံဦးမှာ ဖူးသည့်ကြာ ရုပ်ရှင်သရုပ်ဆောင်များအား ဗီဇာပိတ်ဖို့ တောင်းဆို

အာရုံဦးမှာ ဖူးသည့်ကြာ ရုပ်ရှင်သရုပ်ဆောင်များအား ဗီဇာပိတ်ဖို့ တောင်းဆို

မြန်မာစစ်အစိုးရရဲ့ ၀ါဒဖြန့်ချီရေး ရုပ်ရှင် အာရုံဦးမှာ ဖူးသည့်ကြာ ဇာတ်ကား မှာ ပါဝင်ကြတဲ့ ရုပ်ရှင် သရုပ်ဆောင်တွေကို အမေရိကန် ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ပေးဖို့ ရန်ကုန်အခြေစိုက် အမေရိကန် သံရုံးကို ၀ါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။



လောလောလတ်လတ် အမေရိကန် ပြည်ထောင်စုမှာ ဖျော်ဖြေရေးလာမဲ့အထဲက မ၀ိုင်းစုခိုင်သိန်းလည်း အဲဒီဇာတ်ကားမှာ ပါဝင်ခဲ့တဲ့အတွက် ဗီဇာပိတ်ပင်ပေးဖို့  တောင်းဆိုခံရတဲ့ အထဲမှာ ပါနေပါတယ်။ ၀ိုင်းစုခိုင်သိန်း ဆိုတာ အဆိုတော်လည်းဖြစ် ရုပ်ရှင်သရုပ်ဆောင်လည်း ဖြစ်ပါတယ်။

ထားပါတော့ ဒါကတော့ ဖြစ်တဲ့အခြေအနေကို အကြမ်းဖြင်းရှင်းပြတာပါ။ ကျွန်တော် ပြောချင်တာက ခုတ်ရာတခြား ခြရာတလွဲ ဖြစ်နေတဲ့ ကိစ္စပါ။ ပထမတစ်ချက်က ဒီရုပ်ရှင်သရုပ်ဆောင်အများစုဟာ အဲဒီအာရုံဦးမှာ ဖူးသည့်ကြာ ဇာတ်ကားကို ရိုက်ပေးဖို့ အတင်းအဓမ္မခိုင်းစေခံရတာ ဖြစ်တယ်။ အဲဒီအထဲမှာ ပါတဲ့ မင်းသား မင်းသမီး (အများစု) ဟာ ကျွန်တော်တို့ ၈၈ အရေးအခင်းဖြစ်နေချိန်တုန်းက လူဖြစ်စအရွယ်တွေသာ ဖြစ်တယ်။ အထင်ရှားဆုံးက နိုင်ငံရေးဆိုတာကို ဘာမှ သိကြတာ မဟုတ်ဘူး။ အာဏာစက်ကို ကြောက်လို့ သာသရုပ်ဆောင်ကြရတာပါ။

ဒုတိယအချက်က ပြည်ပမှာလည်း ကျွန်တော်တို့အရွယ်တွေက မွေးလိုက်တဲ့ ကလေးတွေ များလာနေပြီ။ တချို့ဆို မြန်မာပြည်ဆိုတာ ဘာမှန်းတောင် သိတာမဟုတ်ဘူး။ ပြည်တော်ပြန်ချိန်ဆိုတာလည်း ဘယ်တော့လည်းဆိုတာ ကျွန်တော်တို့ မိဘတွေတောင် မသိတဲ့အတွက် သူတို့ခမျာ လက်ရှိမြန်မာပြည်က သီချင်းတွေ နားထောင်ပြီး အဆိုတော်တွေကို ကြည့်ရမယ်ဆိုတော့ ၀မ်းသာရှာကြတာ။ ကျွန်တော်လည်း အပါအ၀င်ပါပဲ။ ဆိုတော့ ဒီအနုပညာရှင်တွေကို လုံးဝ သပိတ်မှောက်တဲ့ အထဲမှာ မထည့်သင့်ဘူး။

ဒါဟာ မှားယွင်းတဲ့ ဖေါက်ပြန်တဲ့ အတွေးအခေါ် လုပ်ဟန်ဖြစ်တယ်။ တခြားနိုင်ငံရေး အလုပ်တွေ အများကြီး လုပ်စရာရှိတယ်။ (လုပ်နိုင်တဲ့ အရည်အချင်းရှိရင် ပေါ့လေ)။ ရှိနေပြီးသား စီးပွားရေး ပိတ်ဆို့မှုတွေ ဗိုလ်ချုပ်အသိုင်းအ၀ိုင်းတွေကို ဗီဇာပိတ်ဆို့ မှုတွေ ငွေကြေးဆိုင်ရာတွေ ပိတ်ဆို့မှုတွေ အများကြီး အများကြီး လုပ်စရာတွေ။ ဘာကိစ္စ အနုပညာသည်တွေဘက်ကို အတင်းအဓမ္မ ရန်ရှာချင်နေရသလဲဆိုတာ ကျွန်တော် လုံးဝ စဉ်းစားလို့ကို မရဘူးဖြစ်နေတယ်ဗျာ။

No comments:

Post a Comment