Wednesday, November 10, 2010

ဘုရားသုံးဆူမြို့အား ဒီကေဘီအေတပ်များသိမ်းပိုက်ပြီးနောက် မြို့ခံများထိုင်းနယ်မြေသို့ဝင်ရောက်ခိုလှုံ


ဘုရားသုံးဆူမြို့အား ဒီကေဘီအေတပ်များသိမ်းပိုက်ပြီးနောက် မြို့ခံများထိုင်းနယ်မြေသို့ဝင်ရောက်ခိုလှုံ
ယနေ့နံနက်ပိုင်း၌ ဘုရားသုံးဆူမြို့ပေါ်ရှိ ရပ်ကွက်အကြီးအကဲများက မြို့ခံများအနေဖြင့်မိမိနေအိမ်များတွင် မနေထိုင်ကြတော့ရန် ရပ်ကွက်သားများကို ဆော်သြပြောဆိုခဲ့ပြီးမကြာမီတွင် လက်နက်ကြီးပေါက်ကွဲသံများ ဖြစ်ပေါ်လာသဖြင့် မြို့ခံများထိုင်းနယ်မြေသို့အလုံးအရင်းဖြင့် ထွက်ပြေးဝင်ရောက်ခဲ့ကြခြင်း ဖြစ်သည်။
“ဒီညမှာ တိုက်ပွဲတွေအများကြီး ဖြစ်လာမယ့်အခြေအနေရှိနေတယ်လို့ ကောလဟာလသတင်းတွေပြန့်နေတော့ ဘယ်သူမှလည်း မြို့ပေါ်မှာမနေရဲတော့ဘူး” ဟု ထိုင်းနယ်မြေသို့ရောက်ရှိနေသော ဘုရားသုံးဆူမြို့ခံတစ်ဦး ပြောသည်။
အဆိုပါဒေသရှိ ထိုင်းအခြေစိုက်ဒုက္ခသည်များ အကူအညီပေးသည့် NGO များတွက်ဆသောစာရင်းများအရ ယနေ့တွင် ထိုင်းနယ်မြေအတွင်းသို့ မြန်မာဒုက္ခသည်တစ်သောင်းကျော်ခန့်ဝင်ရောက်ခဲ့သည်ဟု ခန့်မှန်းကြသည်။
“သုံးဆူမြို့ပေါ်မှာ လူဦးရေသုံးသောင်းကျော်တယ်၊ ခုဆိုတစ်အိမ်တစ်ယောက်တောင်မကျန်တော့ဘူး၊ ဘေးလွတ်ရာ ထိုင်းဖက်အခြမ်းကိုပြေးလာကြတယ်၊ ဒီသုံးဆူမြို့ဘုရားကုန်းအပြင် မွန်တပ်တွေရှိတဲ့ ဂျပန်ရေတွင်းဖက် သွားတဲ့လူတွေလည်းရှိတယ်” ဟု ဒုက္ခသည်အကူအညီပေးသူတစ်ဦးက ပြောသည်။
ဘုရားသုံးဆူမြို့ရှိ မြန်မာစစ်အစိုးရတပ်ဖွဲ့မှ ဒီကေဘီအေတပ်ဖွဲ့များရှိရာနေရာများသို့မှန်းဆပြီး လက်နက်ကြီးဖြင့် အဝေးမှလှမ်းပစ်ခဲ့သည်ဟု စစ်ရေးအကဲခတ်သူများ ပြောဆိုကြသည်။
ယမန်နေ့တွင် ဒီကေဘီအေတပ်ဖွဲ့များ ဘုရားသုံးဆူမြို့ကို သိမ်းပိုက်လိုက်ပြီးနောက် လက်နက်ကြီးပစ်ခတ် ပေါက်ကွဲသံများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ရာ ယနေ့အထိ အရပ်သား(၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံထိုင်းအာဏာပိုင်သတင်းရပ်ကွက်များက ပြောသည်။
ယမန်နေ့တွင် ဒီကေဘီအေတပ်ဖွဲ့များသည် ဘုရားသုံးဆူနယ်စပ်မြို့အပြင် မြဝတီနယ်စပ်မြို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု သတင်းများတွင်ဖေါ်ပြကြသည်။
ယခုကဲ့သို့သိမ်းပိုက်ခံလိုက်ရသော နယ်စပ်မြို့များ လက်ဝယ်ပြန်လည် ထိန်းသိမ်းနိုင်ရေးအတွက် စစ်အစိုးရတပ်မှ မဖြစ်မနေကြိုးပမ်းသွားရမည်ဟု မြန်မာစစ်သတင်းစောင့်ကြည့်လေ့လာသူများ အကဲခတ်ပြောဆိုကြသည်။
၂၀၁၀ နိုဝင်ဘာလ(၇) ရက်ရွေးကောက်ပွဲအပြီး နောက်တစ်နေ့တွင် နယ်စပ်မြို့များ၌ အဆိုပါမြို့များတွင် တိုက်ခိုက်သိမ်းပိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။
THIS POST WAS COPYING FROM KAOWAO NEWSGROUP,,,

No comments:

Post a Comment