Monday, November 1, 2010

မွန်နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ(မွန်တိုင်းရင်းသား အစည်းအရုံး ပထမညီလာခံ )



မွန်တိုင်းရင်းသား အစည်းအရုံး ပထမညီလာခံ
ဖဆပလအဖွဲ့ချုပ်၏ ဦးဆောင်မှုကို ခံယူထားသော မွန်တိုင်းရင်းသားအစည်းအရုံးသည် အသံသာ ရှိပြီး အဆံမရှိသော အစည်းအရုံး ဖြစ်သည်ဟု ဖဆပလအမှုဆောင်အဖွဲ့မှ ပုတ်ခတ်လာသည်ကို တန်ပြန်သည့်သဘောဖြင့် ၁၉၄၆ ခုနှစ် ကုန်ခါနီးတွင် (ယခင် ကျိုက္ခမီမြို့နယ်) ယခု သံဖြူဇရပ်မြို့နယ် ပငရွာတွင် အမျိုးသားညီလာခံတရပ်ကို ကျင်းပသည်။ ၎င်းညီလာခံကို မွန်အမျိုးသား ထောင်ပေါင်းများစွာ တက်ရောက်ကြသည်။
၎င်းညီလာခံ၏ အဓိက အရေးကြီးသော ဆုံးဖြတ်ချက် (၂) ခုမှာ -
(၁) သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့သည် သမလ၊ ဝိမလ ညီနောင်နှစ်ပါး တို့သည် သိကြားမင်း၏ အကူအညီဖြင့် ဟံသာဝတီ ပဲခူးမြို့ကို စတင်တည်ထောင်သည့်နေ့ကို ယူပြီး နှစ်စဉ် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့ ဖြင့် သတ်မှတ်ရန်။
(၂) လာမည့်ရွေးကောက်ပွဲတွင် မွန်အမျိုးသားတို့အတွက် သီးခြားမဲစာရင်း မဲဆန္ဒနယ် သတ်မှတ်ပေးရန်။ အကယ်၍ ဖဆပလအစိုးရက မပြုလုပ်ပေးလျှင် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် တို့ ဖြစ်သည်။
အထက်ပါ ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ဆောင်ရန်အတွက် မွန်တိုင်းရင်းသားအစည်းအရုံး၏ ဗဟိုအလုပ်မှုဆောင်ကို ရွေးကောက်တင်မြှောက်ကြသည်၊ ၎င်းအမှုဆောင်တွင် -
ဥက္ကဌ - မွန်ဦးဖိုးချို
ဒု-ဥက္ကဌ - နိုင်အောင်ထွန်း
အထွေထွေ အတွင်းရေးမှူး - မွန်သန်း
တွဲဖက် အထွေထွေအတွင်းရေးမှူး - နိုင်ချမ်းမွန်
ပြန်ကြားရေးနှင့်ဝါဒဖြန့်ချီရေး - နိုင်မွန်ထော (ဆရာဗဟို)
စည်းရုံးရေး - မွန်ထွန်းရင်၊ ဆရာစိန်၊ နိုင်ထွန်းခင်၊ နိုင်အောင်လှငွေ
- စသော ပုဂ္ဂိုလ်များကို တင်မြှောက်ကြသည်၊ သို့သော် အလုပ်အမှုဆောင်၏ လုပ်ငန်းများကို မွန်ဖိုးချိုနှင့် မွန်သန်းတို့က ရန်ကုန်တွင် တာဝန်ယူ ဆောင်ရွက်ကြသည်။
မွန်တိုင်းရင်းသားအစည်းအရုံးသည် ဖဆပလ လက်အောက်တွင် ရှိနေစဉ် မွန်ဦးဖိုးချိုသည် ဖဆပလ စည်းရုံးရေးအတွက် အထူးသဖြင့် တနင်္သာရီတိုင်းကို တာဝန်ယူသည်။
THIS POST WAS COPYING FROM THE BOOK OF MON BACKGROUND HISTORIES IN BURMA, PAGE, 2.4

No comments:

Post a Comment